Connect with us

Hi, what are you looking for?

သတင်း

စစ်တွေရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်က ရိုဟင်ဂျာတွေ သုံးတိုက်ခိုင်းနေ

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်(AA)နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီး၊ စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို အသုံးပြုတိုက်ခိုင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

(အာဏာသိမ်းစစ်တပ်က၂၀၂၄ ခုနှစ်ကရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေစဥ်။ ဓါတ်ပုံ-CJ )

“ဖမ်းတာကတော့အကြောင်းမျိုးစုံပြပြီးဖမ်းတာပဲ။ ပြီးရင် ဘယ်သူမှ တရားရုံးလည်း မရောက်၊ ရဲစခန်းလည်းမရောက်ဘူး။စစ်တပ်ထဲပဲ ရောက်သွားတယ်”

— စစ်​တွေမြို့က ရိုဟင်ဂျာလူငယ်တဦး

စက်တင်ဘာ-၁၁၊၂၀၂၆။ခိုင်မြတ်/ People’s Spring

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်(AA)နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီး၊ စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို အသုံးပြုတိုက်ခိုင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

စစ်တွေမြို့နယ်အတွင်း ရိုဟင်ဂျာကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာရာချီကို အခြေခံ စစ်သင်တန်းပေးထားပြီး အခုဖြစ်နေတဲ့ ရှေ့တန်းတိုက်ပွဲတွေမှာ အသုံးပြုနေတာလို့ ဆိုပါတယ်။

“ရှေ့တန်းမှာ မူဆလင်တွေ တွေ့ရတယ်ပြောကြတယ်။မျက်မြင်တွေ့ကြတာပေ့ါနော်။မူဆလင်အလောင်းတွေ ရတာတော့ မရှိသေးဘူး။ ဒါပေမယ့် စစ်ကြောင်းတိုင်း စစ်ကြောင်းတိုင်းမှာ မူဆလင်တွေပါတယ်။ မိုင်းရှိနိုင်တဲ့နေရာ တွေဆိုရင်သူတို့တွေကိုအရှေ့ကသွားခိုင်းတယ်၊ဓါးစာခံသဘောမျိုးပေ့ါ”လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တ ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ စစ်တွေမြို့နယ်ဘက်ကနေ AA ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်နေရာတွေကို စစ်တပ်က အင်အားအလုံးအရင်းသုံးကာ ထိုးစစ်ဆင်ဖို့ကြိုးစားနေတာဖြစ်ပြီး မြေပြင်မှာတော့ စစ်တပ်က အထိနာကာ ပြန်ဆုတ်နေ ရတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့ခံတစ်ဦးကလည်း “ဟုတ်တယ်၊အဲလို ပြောကြတယ်။ကျွန်တော်တို့လည်း တွေ့တယ်။ယူနီဖောင်းဝတ်ထားတဲ့မူဆလင်တွေကို စစ်ကားအပြည့်နဲ့ ပို့နေတာ။အရင်နှစ်ရက်၊ သုံးရက်လောက်ကထင်တယ်။စစ်ကားနဲ့ ငါးစီးသွားတာမှာမူဆလင်ငါးဆယ်လောက် ပါသွားတယ်။ အကုန်လက်နက်အပြည့်အစုံနဲ့၊ ရှေ့တန်းပို့တာဖြစ်မယ်”လို့ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ဒေသတိုက်ပွဲတွေစဖြစ်ချိန်ကတည်းက ရိုဟင်ဂျာတွေရာနဲ့ချီကို အတင်းအကြပ်ဖမ်းဆီး စစ်သင်တန်းပေးထားခဲ့တာဖြစ်ပြီး စစ်တွေတိုက်ပွဲအရှိန်မြင့်လာချိန် ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ လည်း ဒေသခံရိုဟင်ဂျာ ၂၀၀ ကျော်ကို ထမ်မံဖမ်းဆီး စစ်သင်တန်းပို့ခဲ့တယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

“ဖမ်းတာကတော့ အကြောင်းမျိုးစုံပြပြီး ဖမ်းတာပဲ။ ပြီးရင် ဘယ်သူမှ တရားရုံးလည်း မရောက်၊ ရဲစခန်းလည်း မရောက်ဘူး။စစ်တပ်ထဲပဲ ရောက်သွားတယ်။ ရွာဘက်တွေမှာ အဖမ်းခံရတာများတယ်”လို့စစ်တွေမြို့မှာနေထိုင်တဲ့ ရိုဟင်ဂျာလူငယ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ရခိုင်ဒေသမှာ တိုက်ပွဲတွေစဖြစ်တုန်းကလည်း အာဏာသိမ်းစစ်တပ်ဟာ စစ်တွေဒေသခံရိုဟင်ဂျာရာချီကို စစ်သင်တန်းပေးပြီး AA နဲ့ဖြစ်တဲ့ ရှေ့တန်းစစ်မျက်နှာတွေဆီ ပို့ခဲ့ကာ တိုက်ပွဲတွင်း သေဆုံး သွားတဲ့အလောင်းတွေကိုတောင် မိသားစုက ပြန်မရခဲ့ဘူးလို့ ဆိုကြပါတယ်။

AA ကလည်း ရသေ့တောင်မြို့နယ်အတွင်းက စစ်တပ်နဲ့ဖြစ်တဲ့ ရှေ့တန်းတိုက်ပွဲတွေမှာ ရိုဟင်ဂျာ (ထုတ်ပြန်တာမှာမူဆလင်လို့​ဖော်ပြ) အလောင်းတွေ တွေ့ခဲ့ရတယ်လို့ ဓါတ်ပုံတွေနဲ့တကွ ထုတ်ပြန်ခဲ့ဖူးပါတယ်။

စစ်တပ်ဟာ အခုစစ်တွေမြို့ တိုက်ပွဲပြင်းထန်လာချိန်မှာလည်း ရိုဟင်ဂျာတွေကို အသုံးချလာနိုင်တယ်လို့စစ်ရေးလေ့လာသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

“ရိုဟင်ဂျာတွေက အခုလည်း ဓါးစာခံဘ၀နဲ့ပဲ နေရတာ။ ရခိုင်သားတွေမှာ တိုက်ပွဲဖြစ်ရင် ပြေးလို့ရသေးတယ်။ ကျွန်တော်တို့မှာ ပြေးစရာလည်း မရှိဘူး။ စစ်တပ်က ဖမ်းရင်လည်း ခံ၊ သတ်ရင်လည်း ခံရမယ့်အခြေအနေဖြစ်နေတယ်” လို့ စစ်တွေမြို့ခံ ရိုဟင်ဂျာလူငယ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ်မှာလည်း ကျောက်တလုံးရိုဟင်ဂျာဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတွေကို တအိမ်တယောက်ကျ စစ်မှုထမ်းစေပြီး လုံခြုံရေးကင်းစခန်းတွေမှာ တာဝန်ချထားပါတယ်။ ဒါ့အပြင် ဘူးသီးတောင်၊ မောင်တောတိုက်ပွဲကာလတွေတုန်းကလည်း ရိုဟင်ဂျာလူငယ်အများအပြားကို စစ်သင်တန်းပေး၊ရှေ့တန်းပို့တိုက်ခိုက်စေခဲ့ပါတယ်။

စစ်တပ်ဟာစက်တင်ဘာလ ၄ ရက်နေ့ကစပြီး စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားကနေ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်း တောင်ရွာဘက်ဆီ စစ်ကြောင်းတခု၊ ရွှေမင်းဂံရေတပ်စခန်းကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက် ရဲရိုးပြင်၊ ဆားပို့ တောင်၊ အောင်မြေကုန်းစတဲ့ ရွာတွေဘက်ထိ စစ်ကြောင်းတခု ထိုးစစ်ဆင်ခဲ့တာပါ။

အမြင့်ကျွန်းတံတားက တက်လာတဲ့စစ်ကြောင်းဟာ ကွမ်းတောင်ရွာနားအရောက်မှာ အကျအဆုံးများပြီး တပ်လန် ဆုတ်ပြေးခဲ့ရကာအရင်ကစခန်းချနေခဲ့တဲ့အမြင့်ကျွန်းတံတားပေါ်ကနေပါဆုတ်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါ ရွှေမင်းဂံရေတပ်စခန်းကနေ ထွက်လာတဲ့စစ်ကြောင်းတခုပဲ ကျန်တော့ပြီး အဲဒီစစ်ကြောင်းဟာလည်း ရှေ့ မတိုးနိုင်တော့ဘဲ လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေပေးကာ ဆားပို့တောင်ရွာဝန်းကျင်မှာပဲ တန့်နေတယ်လို့ မြေပြင်မှာရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၄၉၂၆ စစ်ဆေးရေးလို့နာမည်တပ်ပြီး AA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ပုဏ္ဏားကျွန်း၊ကျောက်ဖြူ၊မကွေးတိုင်း မင်းတုန်း၊ ပဒါန်း၊ပဲခူးတိုင်းပန်းတောင်း၊ ဧရာ၀တီတိုင်း သာပေါင်း၊ ရေကြည်မြို့နယ်တို့မှာ ထိုးစစ်လုပ်နေပြီး စက်တင်ဘာ ၁၀ ရက်အထိတပတ်ကြာ ထိ AA စခန်းတခုမှ သိမ်းနိုင်တာမရှိဘဲ အထိနာတပ်ပြန်ဆုတ်ကာ စစ်တပ်စခန်းတွေ ထပ်ပါမသွားစေဖို့သာ ခံစစ်လုပ်နေကြရတယ်လို့ မြေပြင်သတင်းရင်း မြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းခေါ်ယူမှုကို ခရိုင်အဆင့်က စတင်ကိုင်တွယ်နေပြီး စစ်မှုထမ်း ရှောင်တဲ့သူတွေကို ရှောင်တဲ့နေရာလိုက်ဖမ်းဖို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က ​မြှောက်​ပေးပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

PDF ​တွေကတံတားဦး​လေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။