စက်တင်ဘာ-၁၁၊၂၀၂၆။ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။
စက်တင်ဘာ ၁၁ ရက်၊မွန်းလွဲ ၁ နာရီခန့်က ရေစကြိုမြို့၊ အမှတ် ၂၅၆၊၂၅၇၊၂၅၈ ခြေလျင်တပ်ရင်း( ခလရ-၂၅၆၊၂၅၇၊၂၅၈) တွေထဲက အင်အား ၅ဝ ခန့်ပါတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဆယ်ဘီးကား ၂ စီးနဲ့ ပေကုန်းရွာ ဘောလုံးကွင်းအနီး ရောက်လာပြီး တွေ့သမျှပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“လူငယ်တွေကိုအဓိကထားပြီး ဖမ်းခေါ်သွားတာ။များတယ်လို့ပဲသိရပြီး အတိအကျတော့မသိရပါဘူး။ အရင်ကအဲလိုလုပ်တာ မရှိခဲ့ပါဘူး”လို့ အထက်ပါကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ပေကုန်းရွာဟာခမရ (၂၅၆) ၊(၂၅၇)၊(၂၅၈) တွေနဲ့ ရေစကြိုမြို့ကြားမှာရှိပြီး အခြားရွာတွေကိုတော့ လက်တလော ပေါ်တာဝင်ဆွဲတာ မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်က ပေါ်တာလှည့်ဆွဲနေလို့ ပြည်သူတွေ သတိပြုသွားလာကြဖို့ ရေစကြိုသတင်းအချက်အလက်ကော်မတီက သတိပေးထားပါတယ်။
မကွေးတိုင်းထဲက ပခုက္ကူ၊ မကွေးအပါအဝင် စစ်တပ်အာဏာသက်ရောက်ရာ မြို့ပေါ်တွေမှာ စစ်မှုထမ်းပေါ်တာဆွဲတာတွေရှိနေပြီး လူငယ်တွေ ပျောက်ဆုံးနေကြောင်း ဒေသခံအချို့က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာအခုစက်တင်ဘာလမှာ စစ်မှုထမ်း အပတ်စဥ် (၂၈) စတင်ပြုလုပ်နေပြီဖြစ်ပေမဲ့ ရန်ကုန်၊ မန္တလေးအပါအဝင် ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်လုပ်နေပါတယ်။



















































