Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် ရေအောက်ဒရုန်းကို အီရန်က လေ့လာပြီး တုပတည်ဆောက်ဖွယ်ရှိ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က ဟောမုဇ် ရေလက်ကြားမှာ ကြားဖြတ် သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ အမေရိကန် ရေအောက် ဒရုန်းတစ်စီးကို စက်တင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြခဲ့ပါတယ်။ အမေရိကန် စစ်တပ်ကတော့ အဲဒီဒရုန်းဟာ ချွတ်ယွင်းမှု တစ်ခုကြောင့် အဆက်အသွယ် ပြတ်တောက်ပြီး ဆုံးရှုံးသွားတာလို့ ဆိုပါတယ်။

အမေရိကန် စစ်တပ်နဲ့ ရေအောက်ဒရုန်းကို တည်ဆောက်တဲ့ ကုမ္ပဏီ Andurilတို့ကတော့ ဆုံးရှုံးသွားတဲ့ Dive-LD ဒရုန်းဟာ မော်ဒယ်ဟောင်း တစ်ခုဖြစ်ပြီး အရမ်းအဆင့်မြင့်တဲ့ ဆိုနာနဲ့ ရေဒါစနစ်တွေ တပ်ဆင်ထားတာမျိုး မရှိကြောင်း၊ ဒါကြောင့် နည်းပညာပိုင်း ပေါက်ကြားမှုအတွက် စိုးရိမ်ဖို့ မလိုကြောင်း မှတ်ချက်ပေးထားပါတယ်။

ဒါပေမဲ့လည်း အီရန်အတွက်တော့ အမေရိကန်ရဲ့ ရေအောက်ဒရုန်း နည်းပညာကို သေချာခွဲခြမ်း လေ့လာခွင့် ရသွားပြီး အဲဒီအချက်က အမေရိကန် စစ်တပ်ကိုရော၊ Anduril အတွက်ပါ ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။ IRGCနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကတော့ အီရန်ဟာ အဲဒီဒရုန်းကို နည်းပညာပိုင်း သေချာလေ့လာပြီး ကိုယ်ပိုင် နည်းလမ်းနဲ့ ပြန်လည် တည်ဆောက်တာမျိုး ရှိလာနိုင်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အရင်ကလည်း အီရန်ဟာ အမေရိကန်ဆီကနေ သိမ်းဆည်းရမိတဲ့ စစ်လက်နက်တွေကို အခုလိုပဲ ခွဲခြမ်းစိတ်ဖြာ လေ့လာပြီး ကိုယ်ပိုင် လက်နက် အမျိုးအစားတွေ ပြန်လည် တည်ဆောက်ခဲ့ဖူးပါတယ်။ ဥပမာ ၂၀၁၁ တုန်းက အမေရိကန်ရဲ့ RQ-170 ကင်းထောက် ဒရုန်းတစ်စီးကို အီရန်က ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်။ အဲဒီတုန်းက အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ဒရုန်းကို ပြန်ပေးဖို့ အီရန်ကို တောင်းဆိုခဲ့ပေမယ့် အီရန်ကတော့ RQ-170ကို လေ့လာပြီး ကိုယ်ပိုင်နည်းလမ်းနဲ့ ပြန်လည် တည်ဆောက်နိုင်ဖို့ လုပ်ဆောင်နေကြောင်း ကြေညာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အီရန်ဟာ RQ-170ရဲ့ ဒီဇိုင်းပိုင်း အကြီးအကျယ် လွှမ်းမိုးမှု ရှိနေတဲ့ ဒရုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ အမေရိကန်က ဆုံးရှုံးလိုက်တဲ့ Dive-LD ရေအောက်ဒရုန်းကိုလည်း အီရန်က အလားတူ လေ့လာပြီး နည်းပညာပိုင်း မှီငြမ်းကူးယူမယ့်သဘော ရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အမေရိကန်ဟာ ရေတပ်ဒရုန်း နည်းပညာတွေ အီရန်လက်ထဲ မကျရောက်အောင် အရေးတကြီး တုံ့ပြန် ကိုင်တွယ်တာတွေ ရှိခဲ့ပါတယ်။ ဥပမာ ၂၀၂၂ တုန်းက ပင်လယ်ကွေ့ ဒေသမှာ ရေမျက်နှာပြင်သွား Saildrone ဒရုန်းတစ်စီးကို အီရန်က ဆွဲယူဖို့ ကြိုးစားတာကြောင့် အမေရိကန် ရေတပ်က ကင်းလှည့်ရေယာဉ် တစ်စီးနဲ့ MH-60S ရဟတ်ယာဉ် တစ်စီးကို ချက်ချင်းစေလွှတ်ပြီး ဟန့်တားခဲ့ပါတယ်။

အမေရိကန်ရဲ့ ရေအောက်ဒရုန်းကို ပင်လယ်ပြင်မှာ သိမ်းယူရရှိခဲ့တာနဲ့ ပတ်သက်လို့ အီရန်သံရုံးတွေက အမေရိကန်ကို လှောင်ပြောင်တဲ့ပို့စ်တွေ လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။ ဂါနာနိုင်ငံဆိုင်ရာ အီရန်သံရုံးကတော့ အဲဒီ ဒရုန်းကို ငါးဖမ်းပိုက်မှာ လာငြိတဲ့ ပလတ်စတစ် ဘူးခွံလို လွယ်လွယ်ကူကူ သိမ်းယူလာတာလို့ Xမှာ ဖော်ပြထားပါတယ်။

ဒရုန်းက အကောင်းအတိုင်းကြီး ရှိနေသေးကြောင်း၊ အဲဒီ ဒရုန်းကို ထိန်းချုပ်မောင်းနှင်နေသူအတွက်တော့ စိတ်မကောင်းကြောင်း သံရုံးက ဆိုပါတယ်။ ဟောမုဇ်ဆိုတာ ပုစွန်တစ်ကောင် နှာချေရင်တောင် အီရန်က သိနိုင်တဲ့ ရေပြင်ဖြစ်တယ်လို့လည်း အဲဒီပို့စ်မှာ ရေးသားထားပါတယ်။

အမေရိကန်စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ရေတပ်ဗိုလ်ကြီး တင်မ်ဟော့ကင်းစ်ကတော့ ဆုံးရှုံးလိုက်ရတာဟာ ချွတ်ယွင်းချက်တွေ ပါနေတဲ့ မော်ဒယ်ဟောင်း ဒရုန်းတစ်စီးသာဖြစ်ပြီး အရေးကြီးတဲ့ အချက်အလက်တွေနဲ့ ခေတ်မီ ရေဒါ၊ ဆိုနာတွေ တပ်ဆင်မထားဘူးလို့ ပြောကြားခဲ့ပါတယ်။

Andurilကလည်း ဒရုန်းရေငုပ်သင်္ဘောတစ်စီး ဆုံးရှုံးမှုကို အတည်ပြုခဲ့ပေမယ့် အရမ်း စိုးရိမ်စရာ ပြဿနာမျိုး မဟုတ်ဘူးလို့တော့ မှတ်ချက်ပေးခဲ့ပါတယ်။

Dive-LDဟာ အန္တရာယ်ရှိတဲ့ ရေပြင်တွေမှာ အသုံးပြုဖို့ ရည်ရွယ် တည်ဆောက်ထားတဲ့ မောင်းသူမဲ့ ရေငုပ်သင်္ဘော ဖြစ်ကြောင်း၊ ဒါကြောင့် ဒရုန်းကို ဆုံးရှုံးရမယ့် ဖြစ်နိုင်ခြေတွေကို ကြိုတင် တွက်ဆပြီး အဲဒီအတွက်လည်း လိုအပ်သလို ပြင်ဆင်စီမံထားကြောင်း ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

Andurilရဲ့ ဝက်ဘ်ဆိုက်မှာတော့ Dive-LDတွေဟာ အခြေစိုက် စခန်းဆီ ပြန်လာစရာ မလိုဘဲ ရေအောက်မှာ ၁၀ ရက်ကြာ ဆက်တိုက် တာဝန်ထမ်းဆောင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ ရေငုပ်သင်္ဘောတွေဟာ ၆ ကီလိုမီတာ အနက်ထိ ငုပ်လျှိုးနိုင်စွမ်းရှိပြီး တစ်စီးကို ဒေါ်လာ ၂ သန်းခွဲလောက် တန်ကြေးကျသင့်တယ်လို့လည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကမ္ဘာကျော် 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးအတွင်း ပြိုကျခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်မှုစင်တာ (WTC) အမြွှာမျှော်စင်ရဲ့ ပုံရိပ်ကို ထောင်နဲ့ချီတဲ့ ဒရုန်းတွေ အသုံးပြုပြီး ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကြားဖြတ် သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ အမေရိကန် ဒရုန်း ရေငုပ်သင်္ဘောကို အီရန်က ထုတ်ပြခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် ကနေဒါရဲ့ ပို့ကုန်အမျိုးအစား တချို့ကို အမေရိကန်က တင်သွင်းခွင့် ပိတ်ပစ်လိုက်ပါတယ်။

နိုင်ငံတကာ

အီရန် ရေနံတင် သင်္ဘော ၅ စီးကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့နောက် ဂျော်ဒန်မှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။