စက်တင်ဘာ-၁၂၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ် ၊ပြည်သူ့စစ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး စစ်တပ်က ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
” စစ်ရေးသတင်းက သိုးသိုးသန့်သန့်ကြားနေရတာ။ စစ်တပ်ကလည်း စစ်ကြောင်းတွေ ဝင်လာတယ်လေ။အခုညနေတော့ ချတာ”လို့ ဖားကန့်ဒေသခံတစ်ဦးက မနေ့ ညနေပိုင်းက ပြောပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ ဇူလိုင်ကစပြီး တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ဖားကန့်ဒေသမှာ ယခုရက်ပိုင်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမရှိပေမယ့် စစ်တပ်ရဲ့လေကြောင်း ကင်းထောက်ပျံသန်းမှုတွေရှိနေပါတယ်။
လက်ရှိမှာ ကချင်ပြည်နယ်အတွင်း ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ စစ်ရေးအတင်းမာဆုံးဖြစ်နေပါတယ်။
စစ်တပ်က တိုက်ခိုက်ရေးသင်္ဘော ၂စီးနဲ့ ကုန်တင် သင်္ဘော ၈စီးအပါအဝင် သင်္ဘော၁၅စီးကို ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ KIA၊KPDFက တိုက်ခိုက်ခဲ့တာပါ။စက်တင်ဘာ၂ရက်က တိုက်ပွဲအပြင်းအထန်ဆုံးဖြစ်ခဲ့ပြီး စစ်သင်္ဘော ၈ စီးဖျက်ဆီးခံရတဲ့အပြင် စစ်သုံ့ပန်း ၁၉၀ ကျော်ကို KIA၊KPDFက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နောက်ထပ်လည်း စစ်ရေယာဉ်အချို့ထပ်မံရောက်ရှိလာလို့ KIA၊KPDFက ဆက်လက်တိုက်ခိုက်နေပါတယ်။
ရွှေကူမြို့နယ်က ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDF တိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာဘဲ စစ်တပ်က ဖားကန့်ဒေသမှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာလို့ စစ်ရေးသတိပြုနေထိုင်ကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းမှာ KIA၊KPDF သတင်းရင်းမြစ်တွေက သတိပေးခဲ့ပါတယ်။
ဒါ့အပြင် လေကြောင်းရန်သတိပြုကြဖို့လည်း ဒေသခံအချင်းချင်း သတိပေးနေကြပါတယ်။


















































