ဥဂ္ဂါ ရေးသားသည်။
ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံ၊စစ်ကိုင်းမြို့အနီးဗဟိုပြုလှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြီးဟာ လူပေါင်းထောင်နဲ့ချီ အသက်ဆုံးရှုံးစေခဲ့တဲ့သဘာဝဘေးအန္တရာယ်တစ်ခုသာမဟုတ်ပါဘူး။အဲဒီငလျင်ဟာကမ္ဘာတစ်ဝန်းက ငလျင်ပညာရှင်တွေကိုပါ အံ့အားသင့်စေခဲ့ပြီး နှစ်ပေါင်းများစွာ လက်ခံထားခဲ့တဲ့ ငလျင်လှုပ်ခတ်ပုံဆိုင်ရာ အယူအဆတချို့ကို ပြန်လည်သုံးသပ် စေခဲ့ပါတယ်။
အကြောင်းကတော့ဒီငလျင်ဟာ “Boomerang Supershear”လို့ ခေါ်တဲ့ အလွန်ရှားပါးတဲ့ ငလျင်လှုပ်ခတ်မှု ပုံစံမျိုး ဖြစ်ပေါ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ရှေကိုသာတိုးသွားရမယ့်ငလျင်ပြတ်ရွေ့ဟာရုတ်တရက်ယူတန်း (U-turn)နောက်ပြန်ကွေ့လာတဲ့ထူးဆန်းတဲ့အပြုအမူကိုပြသခဲ့တာကြောင့်ပါ။
မတ်လ ၂၈ ရက် မနက်ပိုင်းမှာစစ်ကိုင်းတိုင် ၊စစ်ကိုင်းမြို့အနီး နဲ့ ဗဟိုပြုပြီးပြင်းအား ရစ်ချာတာစကေး ၇.၇ နဲ့ ၇.၉ အကြားရှိတဲ့အလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။ငလျင်ကြီး လှုပ်ပြီး ၁၂ မိနစ်အကြာမှာပဲ မန္တလေးမြို့၊တံတားဦးမြို့နယ်မှာ ပြင်းအား ၆.၇ ရှိတဲ့နောက်ဆက်တွဲငလျင်ကြီးထပ်မံလှုပ်ခတ်ပါတယ် ။

Public Service Announcement
ဒီငလျင်ကြီယရဲ့ ရိုက်ခတ်မှုဟာ မြန်မာနိုင်ငံတစ်ဝန်းသာမကအိမ်နီးချင်းနိုင်ငံတွေထိခံစားခဲ့ရပါတယ်။ထိုင်းနိုင်ငံမှာဆိုရင်ဆောက်လုပ်ဆဲအဆောက်အအုံတစ်လုံးတောင်ပြိုကျသွားခဲ့ရတဲ့အထိ သက်ရောက်မှု ပြင်းထန်ခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာတော့ အဆောက်အအုံပေါင်းများစွာပျက်စီးခဲ့ပြီးလမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတွေ အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့တာကြောင့်မိသားစုပေါင်းများစွာအိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့တရားဝင်ထုတ်ပြန်ချက်အရလူ ၃,၇၇၀ကျော်သေဆုံးပြီး ၅,၀၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပေမဲ့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ပျက်စီးမှုအတိုင်းအတာတွေကို လေ့လာထားတဲ့ ပညာရှင်တွေကတော့ အမှန်တကယ် သေဆုံးသူ အရေအတွက်ဟာ ဒီထက် ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒီငလျင်ဖြစ်ပွားခဲ့တဲ့နေရာကမြန်မာနိုင်ငံရဲ့ အရေးအကြီးဆုံးပြတ်ရွေ့ကြောဖြစ်တဲ့စစ်ကိုင်းပြတ်ရွေ့ပေါ်မှာပါ။ငလျင်ဆိုင်ရာ အချက်အလက်တွေနဲ့ မြေပြင်လေ့လာချက်တွေအရဒီငလျင်ဟာမြန်မာနိုင်ငံမြောက်ပိုင်းကနေ တောင်ပိုင်းကပ္ပလီပင်လယ်ပြင်အထိမိုင် ၇၅၀ ခန့် (ကီလိုမီတာ ၁,၂၀၀ ခန့်) ရှည်လျားတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောရဲ့ ဗဟိုပိုင်းမှာ စတင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ဒီပြတ်ရွေ့ဟာ အိန္ဒိယကျောက်ထုချပ် (Indian Plate)နဲ့ ယူရေးရှားကျောက်ထုချပ် (Eurasian Plate) တို့ ဆုံတွေ့ရာ နယ်နိမိတ်လည်း ဖြစ်ပါတယ်။
အိန္ဒိယကျောက်ထုချပ်ဟာတစ်နှစ်ကို ၂ လက်မ(၅၀ မီလီမီတာ)နီးပါးအရှိန်နဲ့ မြောက်ဘက်ကိုဆက်တိုက် တိုးဝင်နေပြီးဟိမဝန္တာတောင်တန်းဒေသမှာ ယူရေးရှားကျောက်ထုချပ်နဲ့ တိုက်မိနေပါတယ်။ အဲဒီဖိအားတွေဟာ စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ တဖြည်းဖြည်း စုပုံလာတာကြောင့် ဒီပြတ်ရွေ့ဟာ ပြင်းအား ၇ အထက်ရှိတဲ့ ငလျင်ကြီးတွေကို နှစ် ၇၀ ၊၈၀ ကြာရင်ဖြစ်ပေါ်တက်တဲ့ ပြတ်ရွေ့တစ်ခုအဖြစ် လူသိများပါတယ်။
ငလျင်လှုပ်ပြီးနောက်ပိုင်းဖြစ်ပေါ်ခဲ့တဲ့ နောက်ဆက်တွဲမြေငလျင်(Aftershocks)တွေဟာ ဗဟိုချက်ရဲ့ တောင်ဘက်မှာ အဓိက ဖြစ်ပေါ်ခဲ့တာကြောင့် ပညာရှင်တွေက ပြတ်ရွေ့ဟာ တောင်ဘက်ကိုပဲ ဆက်ဖြန့်သွားတယ်လို့ ကနဦး ယူဆခဲ့ကြပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ထူးခြားဆန်းကြယ်တဲ့ အချက်တစ်ခုကို တွေ့ရှိခဲ့တာက ဗဟိုချက်ရဲ့ မြောက်ဘက်မှာရှိတဲ့ ငလျင်တိုင်းတာရေးစက်တွေမှာ ပီ-လှိုင်း (P-wave) လို့ခေါ်တဲ့ ငလျင်ကနေ အမြန်ဆုံးနဲ့ ပထမဆုံး ရောက်ရှိလာတဲ့ လှိုင်းကို မှတ်တမ်းတင်နိုင်ခဲ့ပြီး စက္ကန့် ၂၀ လောက် အကြာမှာ အလွန်ပြင်းထန်တဲ့ လှိုင်းတွေကို ထပ်မံ ဖမ်းယူရရှိခဲ့တာပါ။ ဒါဟာ ပုံမှန်အားဖြင့် လမ်းကြောင်းတစ်ခုတည်းကိုသာ ဆက်သွားလေ့ရှိတဲ့ ငလျင်တွေနဲ့ လုံးဝမတူတဲ့ အပြုအမူဖြစ်နေပါတယ်။
ဒီထူးခြားမှုကို ဂျပန်နိုင်ငံ ဆူကူးဘတက္ကသိုလ် (University of Tsukuba) က သုတေသနအဖွဲ့က အသေးစိတ် ပြန်လည်လေ့လာခဲ့ပြီး ဆစ်စမီကာ (Seismica) ဂျာနယ်မှာ သုတေသနစာတမ်းထုတ်ပြန်ခဲ့ပါတယ်။သူတို့ရဲ့ တွေ့ရှိချက်အရ ဒီငလျင်ဟာ အဆင့်ပေါင်းများစွာနဲ့ အလွန်ရှုပ်ထွေးတဲ့ ပုံစံနဲ့ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဓိက ထူးခြားချက်ကတော့ ငလျင်ပြတ်ရွေ့ဟာ ပုံမှန်လို ဦးတည်ချက်တစ်ခုတည်းကိုသာ ဆက်မသွားဘဲ စတင်ချိန်မှာ တောင်ဘက်ကို အရှိန်နဲ့ ရွေ့သွားပြီးနောက် ရုတ်တရက် အရှိန်မလျော့ဘဲ မြောက်ဘက်ကို ယူတန်း (U-turn) ပြန်ကွေ့လာခဲ့တာပါ။ ဒီဖြစ်စဉ်ကို ဘူမရန်း အကျိုးသက်ရောက်မှု (Boomerang Effect) လို့ အမည်ပေးထားပါတယ်။ ဘူမရန်း (Boomerang) ဆိုတာ ဩစတြေးလျ ဒေသခံတိုင်းရင်းသားတွေ အသုံးပြုခဲ့တဲ့ ပစ်လက်နက်တစ်မျိုး ဖြစ်ပါတယ်။ ပစ်လိုက်တဲ့အခါ လေထဲမှာ ကွေ့ပတ်ပြီး ပစ်တဲ့သူဘက်ကို ပြန်လှည့်လာနိုင်တဲ့ ထူးခြားချက်ရှိတာကြောင့်ဒီငလျင်ရဲ့ ပြန်ကွေ့လာတဲ့ လမ်းကြောင်းနဲ့ နှိုင်းယှဉ်ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီထက်ပိုပြီး အံ့ဩစရာကောင်းတာက အဲဒီပြတ်ရွေ့ဟာ အက်စ်လှိုင်း (S-wave) လို့ခေါ်တဲ့ ရှီးယားလှိုင်း (Shear wave) ရဲ့ အရှိန်ထက်တောင် ပိုမြန်တဲ့နှုန်းနဲ့ ရွေ့လျားခဲ့တာပါ။
ရှီးယားလှိုင်း (Shear wave) ဆိုတာ ငလျင်ဖြစ်ပေါ်တဲ့အခါ မြေထုအတွင်း ဖြတ်သန်းသွားတဲ့ ဒုတိယအမျိုးအစား ငလျင်လှိုင်းတစ်မျိုး ဖြစ်ပါတယ်။ ဒီလှိုင်းဟာ မြေသားတွေကို လှိုင်းသွားတဲ့ ဦးတည်ချက်နဲ့ ထောင့်မှန်အတိုင်း ဘေးတိုက်လှုပ်ရှားစေတဲ့အတွက် “ရှီးယား (Shear)” လို့ ခေါ်တာပါ။
ပုံမှန်အားဖြင့် ပြတ်ရွေ့ကြော (Fault) ကွဲထွက်ရွေ့လျားတဲ့ အရှိန်ဟာ ဒီရှီးယားလှိုင်းရဲ့ အရှိန်ထက် နှေးလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီငလျင်မှာတော့ ပြတ်ရွေ့ကွဲထွက်မှုဟာ ရှီးယားလှိုင်းထက်တောင် ပိုမြန်တဲ့ အရှိန်နဲ့ ဖြန့်ကျက်သွားခဲ့ပါတယ်။
ဒီလို ပုံမှန်မဟုတ်ဘဲ ပြတ်ရွေ့ကွဲထွက်မှုအရှိန်က ရှီးယားလှိုင်းကို ကျော်လွန်သွားတဲ့ ဖြစ်စဉ်ကို ငလျင်ပညာရှင်တွေက စူပါရှီးယား ရပ်ချာ (Supershear rupture) လို့ ခေါ်ပါတယ်။
အလွယ်ပြောရရင် ပြတ်ရွေ့ကွဲထွက်ရွေ့လျားမှုဟာ ပုံမှန်ငလျင်တွေထက် အလွန်မြန်ဆန်တဲ့ အရှိန်နဲ့ ဖြန့်ကျက်သွားတဲ့ ရှားပါးဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
ဒီငလျင်မှာတော့ ပြတ်ရွေ့ကြော မိုင် ၂၅၀ ခန့် (ကီလိုမီတာ ၄၀၀ ခန့်) ဟာ စက္ကန့် ၈၀ အတွင်းမှာတင်လှုပ်ခတ်သွားခဲ့ပါတယ်။
ဒီလိုဘူမရန်းစူပါရှီးယား (Boomerang Supershear) ပုံစံငလျင်မျိုးဟာ ကမ္ဘာပေါ်မှာ အလွန်ရှားပါးပြီး နားလည်ရခက်တဲ့ ဖြစ်စဉ်တစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ ဘာကြောင့် အန္တရာယ်ပိုများသလဲ ဆိုတော့ ငလျင်စွမ်းအင်တွေကို ဗဟိုချက်နဲ့ ဝေးတဲ့နေရာတွေအထိ ပိုမိုပြင်းထန်စွာ သယ်ဆောင်ပေး နိုင်တာကြောင့် မမျှော်လင့်ထားတဲ့ ဒေသတွေမှာတောင် ပျက်စီးမှု ကြီးမားလာနိုင်လို့ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မန္တလေးငလျင်ဟာ မြန်မာပြည်သူတွေအတွက် မမေ့နိုင်တဲ့ ဝမ်းနည်းဖွယ် သဘာဝဘေးတစ်ခု ဖြစ်ခဲ့သလို သိပ္ပံလောကအတွက်လည်း ဆယ်စုနှစ်တစ်စုအတွင်းအရေးအပါဆုံးငလျင်လေ့လာမှုတွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။
ငလျင်တစ်ခု ဘယ်လိုစတင်တယ်၊ ဘယ်လိုဖြန့်သွားတယ်ဆိုတဲ့ အယူအဆဟောင်းတွေကို ပြန်လည်စဉ်းစားစေခဲ့တဲ့ ဒီရှားပါးဘူမရန်း စူပါရှီးယား(Boomerang Supershear) ဖြစ်စဉ်က နောင်တစ်ချိန် ကမ္ဘာ့နေရာအသီးသီးမှာ ဖြစ်လာနိုင်တဲ့ ငလျင်ကြီးတွေကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်ဖို့၊ အန္တရာယ်လျှော့ချနိုင်ဖို့နဲ့ လူအသက်ပေါင်းများစွာကို ကယ်တင်နိုင်မယ့် သိပ္ပံဆိုင်ရာ အဖြေသစ်တွေ ရှာဖွေရာမှာ အရေးပါတဲ့ သော့ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
ကိုးကားချက်များ –
• Futura-Sciences
• University of Tsukuba သုတေသနစာတမ်း (Seismica Journal)


















































