စက်တင်ဘာ-၁၅၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။
MNDAA စစ်ဦးစီးဌာနချုပ်ရဲ့ သင်တန်းဆင်းပွဲမှာ စစ်ရေးလေ့ကျင့်ရေးဦးစီးဌာနဦးစီးမှူး၊ဒုတိယဗိုလ်မှူးကြီး Mr. Zi Guo Jun က သင်တန်းသားတွေကို တိုက်တွန်းပြောဖြစ်ပါတယ်။
“ငြိမ်းချမ်းနေ၍ ပေါ့ဆခြင်း” ဟူသော အတွေးအခေါ်ကို ဖယ်ရှားပြီး အချိန်တိုင်း သတိမပေါ့ဆဘဲ အထူးဒေသကို သစ္စာရှိရှိ ကာကွယ်စောင့်ရှောက်ဖို့ ဗိုလ်မှူးကြီး Mr. Zi Guo Jun က တိုက်တွန်းသွားပါတယ်။

Public Service Announcement
အပတ်စဉ် (၁) လေ့ကျင့်ရေးသင်တန်းကို မေလ ၁၄ ရက်မှာ စတင်ခဲ့ပြီး ရက်ပေါင်း ၁၂၃ရက်ကြာမြင့်ခဲ့တယ်လို့ MNDAAက ဒီနေ့ စက်တင်ဘာ ၁၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
MNDAAရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရှမ်းပြည်မြောက်ပိုင်းက သတင်းရင်းမြစ်က ” အပစ်ရပ်ထားလို့ သေနတ်ကျည်မထွက်တဲ့အချိန်မှာ သတိမပေါ့ဖို့ သေချာတိုက်တွန်းသွားတာမျိုးဗျ။ MNDAA ကတော့ သူအင်ပါရာကို သူသေချာတည်ဆောက်နေတာ။ ဒါက စစ်တပ်အတွက်တော့ ခံရခက်နေတာပဲ”လို့ ပြောပါတယ်။
MNDAAဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်မှာ ညီနောင်မဟာမိတ်ဖြစ်တဲ့ AAနဲ့ TNLA တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇စစ်ဆင်ရေးစတင်ခဲ့ပြီး လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သန္နီ၊ တာမိုးညဲ၊ ပန်ဆိုင်းမြို့တွေကို
သိမ်းပိုက်ခဲ့ပါတယ်။
တရုတ်အစိုးရရရဲ့ ဖိအားကြောင့် စစ်တပ် နဲ့အပစ်ရပ်ပြီး ဟိုင်ဂင်သဘောတူညီချက်ကို လက်မှတ်ထိုးထားပါတယ်။။ အပစ်ရပ်ပြီး နောက်ပိုင်း လားရှိုးမြို့ကို ၂၀၂၅ ဧပြီမှာ စစ်တပ်ထံ ပြန်လွှဲပေးခဲ့ရပါတယ်။
ဒါပေမယ့် လားရှိုးမြို့ပတ်ဝန်းကျင်က ကျေးရွာတွေကိုတော့ MNDAA က ဆက်လက်ထိန်းချုပ်ထားပါတယ်။
ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စုစည်းပြီး ခရိုင် (၄) ခု၊ မြို့တော် (၁) ခုအဖြစ် ကိုးကန့်အထူးဒေသကို ဖွဲ့စည်းထားပါတယ်။၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကိုးကန့်အထူး ဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီ ၅ ရက်ကိုလည်း ကိုးကန့်ဒေသရဲ့ ပြန်လည်ထူထောင်ရေးနေ့အဖြစ် MNDAA က တရားဝင် ကြေညာထားပါတယ်။
လက်ရှိမှာ MNDAA ထိန်းချုပ်မြို့တွေအနက် တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးလမ်းပေါ်မှာရှိတဲ့ သိန္နီ၊ကွတ်ခ်ိုင်မြို့တွေကို စစ်တပ်က နည်းမျိုးစုံနဲ့ပြန်တောင်းနေပြီး နှစ်ဖက်ဆက်ဆံရေး အဆင်မပြေဖြစ်နေတယ်လို့ ရှမ်းမြောက်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရှမ််းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ စစ်တပ်က ဗုံးကြဲလေယာဉ်ပျံသန်းပြီး ခြိမ်းခြောက်မှုတွေလည်းရှိနေပါတယ်။ သီပေါမြို့နယ်မှာလည်း စစ်တပ် နဲ့ MNDAA နယ်မြေ အငြင်းပွားနေပြီး စာသင်ကျောင်းတစ်ချို့ ပိတ်ထားရပါတယ်။

















































