သမ္မတသက်တမ်းကို ထပ်တိုးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြောင်းအလဲ အဆိုပြုချက်ကြောင့် ကွန်ဂိုမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး လုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့တုန်းက မြို့တော် ကင်ရှာဆာနဲ့ တခြားမြို့ကြီးတချို့မှာ အစိုးရ ဆန့်ကျင်ရေး လူထုစုဝေး ချီတက် ဆန္ဒပြပွဲတွေကို အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့သလို လေထဲကိုလည်း သေနတ်တွေ ခြောက်လှန့် ပစ်ဖောက်ခဲ့ပါတယ်။
ကင်ရှာဆာအပြင် လူဘွမ်ဘာရှီနဲ့ ယူဗီရာတို့လို မြို့တွေမှာလည်း အာဏာပိုင်တွေက ဖိအားပေး တားမြစ်နေတဲ့ ကြားကနေ လူရာပေါင်းများစွာ စုဝေးပြီး ချီတက် ဆန္ဒပြခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။
အခု ဆန္ဒပြပွဲတွေကို အတိုက်အခံ အင်အားစုတွေ စုပေါင်းပြီး C64 မဟာမိတ် အဖွဲ့လို့ ခေါ်ဝေါ်တဲ့ အစုအဖွဲ့က ဦးဆောင်ခဲ့ပါတယ်။ သမ္မတ ဖိလစ် ရှီဆက်ကာဒီက သူ့ရဲ့ ဒုတိယသက်တမ်း ပြီးရင် တတိယမြောက် သက်တမ်း ဆက်လက် အုပ်ချုပ်ခွင့် ရစေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုမျိုးကို အဆိုပြုခဲ့တဲ့နောက် အခုလို ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာတာပါ။

Public Service Announcement
ကွန်ဂိုမှာ အစိုးရနဲ့ သူပုန်တပ်တွေကြား ပြည်တွင်းစစ်လည်း ဖြစ်ပွားနေပြီး ရှီဆက်ကာဒီက အတိုက်အခံ အင်အားစုတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေးခေါင်းဆောင်တွေ စုပေါင်းပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုမျိုးကိုလည်း အဆိုပြုထားပါတယ်။ ဒါပေမဲ့ နိုင်ငံအရှေ့ပိုင်း နယ်မြေတွေကို ထိန်းချုပ်ထားတဲ့ M23 သူပုန်တပ်တွေကိုတော့ ဆွေးနွေးပွဲမှာ ထည့်သွင်းဖိတ်ကြားထားခြင်း မရှိပါဘူး။
သမ္မတ သက်တမ်းကို ထပ်တိုးနိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုအတွက် လူထုဆန္ဒ ခံယူပွဲတစ်ခု ကျင်းပစေဖို့ ဇွန်လမှာ ကွန်ဂို လွှတ်တော်က ဆုံးဖြတ်ပေးခဲ့ပါတယ်။ ရှီဆက်ကာဒီရဲ့ မဟာမိတ်တွေက အဲဒီ အပြောင်းအလဲ ဖြစ်မြောက်ရေးကို အင်တိုက်အားတိုက် ထောက်ခံနေပြီး အတိုက်အခံ အင်အားစုတွေနဲ့ ပြည်တွင်းမှာ ဩဇာကြီးမားတဲ့ ကက်သလစ် အသင်းတော်ကတော့ ဆန့်ကျင်နေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကွန်ဂိုမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပေမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ အာဏာပိုင်တွေက အင်အားသုံး ဖြိုခွင်းမှုတွေ စတင်လာခဲ့တာပါ။ ပြီးတော့ ဒါဇင်နဲ့ချီ များပြားတဲ့ ဆန္ဒပြသူတွေကိုလည်း ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ M23တွေရဲ့ စစ်ဆင်ရေးတွေဟာ ၂၀၂၄ ခုနှစ်မှာ ပိုမို အရှိန်မြင့်တက်လာပြီး အစိုးရ လက်ထဲက နယ်မြေတွေကို သိမ်းယူလာနိုင်ခဲ့ပါတယ်။ ကွန်ဂို အစိုးရက အိမ်နီးချင်း ယူဂန္ဓာ နိုင်ငံဟာ M23တွေကို နောက်ကွယ်ကနေ ပံ့ပိုးပေးနေကြောင်း စွပ်စွဲထားပေမယ့် ယူဂန္ဓာကတော့ ငြင်းဆိုထားပါတယ်။
ကွန်ဂိုဟာ နိုင်ငံရေးနဲ့ စစ်ရေး အရှုပ်အထွေးတွေ ကြုံနေချိန်မှာ နိုင်ငံသမိုင်းတလျှောက် အဆိုးရွားဆုံး အီဘိုလာ ရောဂါဆိုး ကူးစက်မှုတွေကိုလည်း ကြုံတွေ့နေရပါတယ်။ အဲဒီရောဂါဆိုးဟာ စစ်ရေးပဋိပက္ခ ထူပြောနေပြီး M23က ထိန်းချုပ်ထားရာ အရှေ့ပိုင်းဒေသတွေနဲ့ မြောက်ပိုင်းနယ်မြေတွေမှာ အဓိက ပျံ့နှံ့နေပြီး လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။
ပြည်တွင်းမှာ အီဘိုလာ ကူးစက်နေကြောင်း မေလလယ်မှာ ကွန်ဂို အစိုးရက တရားဝင် ကြေညာခဲ့ပြီး စက်တင်ဘာ လလယ်ထိ အခြေအနေအရ လူနာ ၇၀၂၂ ဦး အတည်ပြုတွေ့ရှိပြီး ၃၃၉၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Reuters


















































