ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။
ရုရှားဟာ အဲဒီ မြောက်ကိုရီးယား လုပ်သားတွေကို ပြည်တွင်းထဲ ခေါ်သွင်းရာမှာ ကျောင်းသားဗီဇာလိုမျိုး တကယ့် ရည်ရွယ်ချက် အမှန်မဟုတ်တဲ့ ဗီဇာတွေကို ထုတ်ပေးပြီး ဖုံးဖုံးဖိဖိ လုပ်ဆောင်ခဲ့တယ်လို့ ဘက်စုံ အရေးယူ ပိတ်ဆို့မှု စောင့်ကြည့်ရေးအဖွဲ့ (MSMT)က ထုတ်ပြန်ခဲ့ပါတယ်။ MSMTဟာ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို အဓိက စောင့်ကြည့်ဖို့ အမေရိကန်နဲ့ ဂျပန်အပါအဝင် ၁၁ နိုင်ငံ စုပေါင်း ဖွဲ့စည်းထားတာပါ။
မြောက်ကိုရီးယားရဲ့ နိုင်ငံရပ်ခြား အလုပ်သမားတွေဟာ ရုရှားရဲ့ စက်မှုလုပ်ငန်းတွေမှာ အလုပ်အကိုင်တွေ ရရှိထားကြောင်း၊ မြောက်ကိုရီးယား နိုင်ငံသား ၂၅၀၀၀ လောက်ထိဟာ တာတာစတန် ပြည်နယ်ထဲက အလာဘူဂါ ဒေသမှာ ရှိနေပြီး အရေးယူ ပိတ်ဆို့မှု စာရင်းမှာ ပါဝင်တဲ့ ဒရုန်းစက်ရုံတွေမှာ အလုပ်လုပ်နေကြကြောင်း MSMTက ဆိုပါတယ်။
မနှစ်ကစလို့ မြောက်ကိုရီးယား အစိုးရဟာ အလာဘူဂါ စက်မှုဇုန်ထဲက ရုရှားရဲ့ Geran-2 ဒရုန်းစက်ရုံတွေဆီ လုပ်သားတွေ ပေးပို့မှုကို အရှိန်မြှင့် အားပေး ကူညီလာခဲ့ကြောင်းလည်း သိရပါတယ်။

Public Service Announcement
ရုရှားဟာ ကမ္ဘာပေါ်မှာ တရုတ်ပြီးရင် မြောက်ကိုရီးယား ပြည်ပရောက် အလုပ်သမား ဒုတိယ အများဆုံး ရှိနေတဲ့ နိုင်ငံပါ။ လက်ရှိမှာတော့ ရုရှားဟာ မြောက်ကိုရီးယား ကုမ္ပဏီ ၈၀ လောက်နဲ့ ချိတ်ဆက်ပြီး မြောက်ကိုရီးယား အလုပ်သမား ၃၀၀၀၀ လောက်ကို ငှားရမ်းခေါ်ယူထားကြောင်း MSMTက ပြောပါတယ်။
အများစုဟာ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ တခြား ကုန်ထုတ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေပြီး ၁၀၀၀ လောက်ကတော့ မဟာဗျူဟာအရ အရေးပါတဲ့ လက်နက်ထုတ်လုပ်ရေး၊ သံမဏိ သန့်စင်ရေးနဲ့ ရေယာဉ် တည်ဆောက်ရေးတို့မှာ ခန့်အပ် ခံထားရပါတယ်။
ဒါပေမဲ့ ဒရုန်းစက်ရုံတွေမှာ အသုံးပြုမယ့် မြောက်ကိုရီးယား လုပ်သားတွေကိုတော့ အလုပ်သမားအနေနဲ့ မဟုတ်ဘဲ တခြားဗီဇာ အမျိုးအစားတွေကို အသုံးပြုပြီး ရုရှားက ခေါ်သွင်းခဲ့တာလို့ MSMTက အစီရင်ခံထားပါတယ်။
ပျမ်းမျှအားဖြင့် မြောက်ကိုရီးယား အလုပ်သမားတွေဟာ ရုရှားမှာ တစ်နှစ်ကို လုပ်ခ ဒေါ်လာ ၇၅၀၀ လောက် ရရှိကြပေမယ့် ဝင်ငွေ အားလုံးလောက်ကို မြောက်ကိုရီးယား အစိုးရ ပိုင်ဆိုင်မှုအဖြစ် လွှဲပြောင်း သိမ်းယူတာ ခံနေရကြောင်း သိရပါတယ်။
ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲမှာ ဒရုန်းတွေ အသုံးပြုမှုကို အင်တိုက်အားတိုက် မြှင့်တင်လာနေပြီး ပြည်တွင်း ထုတ်လုပ်ရေးကို ချဲ့ထွင်ဖို့ အပူတပြင်း လုပ်ဆောင်နေကြောင်းလည်း MSMTက သုံးသပ်ထားပါတယ်။
ကိုးကား: Bloomberg


















































