စက်တင်ဘာ ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဇူလိုင် ဒုတိယပတ်အတွင်းက နယ်ခြားမှတ်တိုင် ၃၀ပေါ်က စစ်တပ်နဲ့ ပြည်သူ့စစ်စခန်းအချို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၉ရက်ရက်မှာ ဒေသတွင်းမှာ အရေးပါတဲ့ စစ်တပ်ရဲ့ အခိုင်အမာစခန်းကို ထပ်မံ သိမ်းရခဲ့တာလို့ဆိုပါတယ်။
” သိမ်းလိုက်တဲ့ စခန်းက အဲဒီမှာ သူတို့က Helipad(ရဟတ်ယာဉ်ဆင်းသက်ကွင်း) လုပ်ထားတာ။ ဟယ်လီကော်ပတာဆင်းဖို့ လုပ်ထားတာ။ အဲဒါကို ကာကွယ်ဖို့အတွက် စခန်းအခိုင်အမာတွေလုပ်ထားတာ။ ကျနော်တို့ သိမ်းတာတောင်မှ သုံးကြိမ်လောက်ထိုးတဲ့အခါကျမှ ဒီနေ့မှ ရတာ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
အခု သိမ်းရတဲ့ တပ်စခန်းဟာ နယ်စပ်မှတ်တိုင် (၃၀) ဒေသ ပတ်ဝန်းကျင်တpfခုလုံး ထောက်ပံ့ရေးအတွက် အသုံးပြုတဲ့ စခန်းဖြစ်ကြောင်း၊ နယ်စပ်မှတ်တိုင် (၃၁)မှာ စစ်တပ် လက်အောက်ခံ ရှိန်းခေါင်ပြည်သူ့စစ် ဌာနချုပ်ရှိတည်ရှိကြောင်း ရှင်းပြပါတယ်။
“အခု ဒါက နယ်စပ်မှတ်တိုင် (၃၀) ဒေသ ပတ်ဝန်းကျင်တခုလုံးအတွက် ထောက်ပံ့ရေးအတွက် ရဟတ်ယာဉ်ကွင်းက ဒီမှာ တစ်ခုပဲရှိတာ။ အဲဒါကြောင့်မို့လို့ ဒါဟာ အရေးကြီးတယ်။ အရေးကြီးတာမို့လို့ ကျနော်တို့လည်း သုံးကြိမ်တိတိထိုးပြီးမှ ရခဲ့တာပဲ။ တော်တော်အရေးပါတဲ့နေရာလို့ ပြောရမှာပေါ့။ အဲဒီဒေသတွေက တခြားမှာလည်း အဲဒီလို Helipad မရှိဘူး။ နောက်ပြီးတော့ ရှိန်းခေါင်ပြည်သူ့စစ်ဌာနချုပ် အဲဒီမှာပဲ ရှိတယ် အဲဒါနဲ့လည်းဝေးသေးတယ်ဆိုတာ့ အဲဒီဒေသ တခုလုံး ကို လွှမ်းမိုးဖို့အတွက် သူက အဲဒီမှာ Helipad တစ်ခု စခန်းအခိုင်အမာနဲ့ နေတာ။ အဲဒီလို ရဟတ်ယာဉ်နဲ့သာ လာမချပေးလို့ရှိရင် ဘာမှ အဆက်အသွယ်မရဘူး။ ခြေလျင်နဲ့သွားမယ်ဆိုလို့ရှိရင်လည်း တပတ်ဆယ်ရက်သွားရတဲ့အခါကျတော့ အဲဒီ Helipad က တော်တော်အရေးပါတာပေါ့။” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဇူလိုင်လမှာ သိမ်းရခဲ့တဲ့ စစ်တပ်စခန်းအချို့ဟာ နယ်စပ်မှတ်တိုင် (၃၀)ဂိတ် နယ်စပ်ပေါ်ရှိ စခန်းများဖြစ်ပြီး အခုသိမ်းရတဲ့ ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းက နယ်စပ်မှတ်တိုင်(၃၀)နဲ့ အနည်းငယ် အလှမ်းဝေးဟုလည်း ရှင်းပြပါတယ်။
ဇူလိုင် တိုက်ပွဲတွေအပြီး ဒေသတွင်းမှာ မိုးအရမ်းများလို့ KIA ပူးပေါင်းတပ်က စစ်ရေးလှုပ်ရှားမှု ငြိမ်နေခဲ့ရာ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်က ခေါင်လန်ဖူးကနေ ဆက်လက်ထိုးစစ်ဆင် လှုပ်ရှားမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
” အဲဒီဒေသက တော်တော်ခေါင်တယ်။နောက်ပြီးတော့ အသွားအလာ တော်တော်ခက်တယ်။ သူတို့ဘက်မှာ ကျလို့ရှိရင်တော့ အဲဒါ ဌာနေ ပြည်သူ့စစ်တွေ ပါတဲ့အခါကျတော့ မိုးရာသီမှာပဲဖြစ်ဖြစ် သွားနိုင်ကြတယ်။ အဲဒါ သူတို့ရဲ့ အားသာချက်တခုပေါ့။ နောက်ပြီး အများကြီးခေါင်တဲ့ ဒေသမှာ ကျလို့ရှိရင် အနီးစပ်ဆုံး ညွှန်းမယ့်ရွာတွေက မရှိဘူး ဖြစ်တာ။ အဲဒါကြောင့်မို့လို့ အများအားဖြင့် ဒီနယ်စပ်မှတ်တိုင်ကိုပဲ ညွှန်းနေကြတာလေ။ အဲဒီဒေသတွေက ခေါင်လန်ဖူးမြို့နယ် လို့သာ ပြောနေတာ တရွာနဲ့ တရွာအဝေးကြီး။ ရွာဆိုပေမဲ့ အိမ်ခြေက ဆယ်အိမ်၊ ဆယ့်ငါးအိမ် အဲဒီလောက်ပဲရှိတဲ့ ရွာသေးသေးလေးတွေ။ တရွာနဲ့ တရွာလည်း အဝေးကြီး။ ခေါင်လန်ဖူးမြို့နယ်သာ ပြောနေတာ အဝေးကြီး ခေါင်လန်ဖူးနဲ့။ တပတ်လောက်လျှောက်ရတာ” လို့ စစ်ရေးသတင်းရင်းမြစ်က ဒေသ အခြေအနေတွေကို ရှင်းပြပါတယ်။
စစ်တပ်ဟာ ကချင်ပြည်နယ်အတွင်း KIA သိမ်းပိုက်ထားတဲ့ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ နည်းမျိုးစုံနဲ့ စစ်ရေးလှုပ်ရှားနေချိန်မှာပဲ တပ်စခန်းအချို့ ဆက်လက်သိမ်းပိုက်ခံနေရတာဖြစ်ပါတယ်။ဒါ့အပြင် ကချင်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ ရွှေကူ-ဗန်းမော်ကြား ရေကြောင်းစစ်ဆင်ရေးနဲ့ မြေပြင်တိုက်ပွဲတွေမှာလည်း စစ်တပ်ဟာ ထိခိုက်ဆုံးရှုံးများပြားခဲ့ပါတယ်။



















































