ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။
တကယ်လို့ စစ်ရေးသုတေသီတွေ ခန့်မှန်းတဲ့အတိုင်း အဲဒီရည်ရွယ်ချက်အတွက် သင်္ဘောကို အသုံးပြုမယ်ဆိုရင်တော့ အဲဒီလို ရေယာဉ်တွေထဲမှာ ကမ္ဘာ့ပထမဆုံး ဖြစ်လာနိုင်ပါတယ်။ အမေရိကန် ကာကွယ်ရေး နည်းပညာဆိုင်ရာ ထောက်လှမ်းရေး ကုမ္ပဏီ Vantorက ရှန်ဟိုင်းမှာရှိတဲ့ ဟူဒေါင်-ကျုံးဟွာ သင်္ဘောကျင်းမှာ လက်ရှိ ဆောက်လုပ်နေဆဲ ရေယာဉ်ရဲ့ ဂြိုဟ်တု ဓာတ်ပုံတွေကို ထုတ်ဖော် ပြသခဲ့ပါတယ်။
အဲဒီသင်္ဘောကျင်းဟာ အရင်က တရုတ်ရေတပ်ရဲ့ အကြီးစား ကမ်းတက် တိုက်ခိုက်ရေး ရေယာဉ်တွေကို အဓိက တာဝန်ယူ တည်ဆောက်ပေးပါတယ်။ ဒါပေမဲ့ လက်ရှိ တည်ဆောက်နေတဲ့ အနီရောင် ကိုယ်ထည်နဲ့ ရေယာဉ်ကတော့ ဒီဇိုင်းပိုင်းမှာ တွေ့နေမြင်နေကျ အခြေအနေတွေနဲ့ လုံးဝ ကွဲထွက်နေပါတယ်။ သင်္ဘောဝမ်းပိုင်း တည်ဆောက်မှု ပုံစံအရ တရုတ်ရဲ့ ဒရုန်း ရေငုပ်သင်္ဘောတွေ အခြေစိုက်ရာ မိခင်ရေယာဉ်အဖြစ် အသုံးပြုဖို့ ဖြစ်နိုင်ခြေ အရမ်းများကြောင်း လက်နက်ရေးရာ ပါရဂူတွေက သုံးသပ်ကြပါတယ်။
အဲဒီရေယာဉ်ဟာ တရုတ်ရဲ့ ဒရုန်းရေငုပ်သင်္ဘော ၄ စီးထက် မနည်းကို ကိုယ်ထည်ထဲမှာ ထည့်သွင်း သယ်ဆောင်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ရကြောင်း လူသိများတဲ့ ရေအောက် စစ်ဆင်ရေး အထူးပြု ကာကွယ်ရေး နည်းပညာ သုတေသီ အိတ်ချ်အိုင် ဆက်တန်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
သူ့ရဲ့ အဆိုအရ ရေယာဉ်ဟာ နောက်ဖက် ကိုယ်ထည်ကို အဖွင့်အပိတ်လုပ်ပြီး ဒရုန်းရေငုပ် သင်္ဘောတွေကို အထုတ်အသွင်း လုပ်နိုင်အောင် တည်ဆောက်ဖွယ် ရှိကြောင်း၊ ဒီရေယာဉ်ဟာ ဒရုန်း ရေငုပ်သင်္ဘောတွေကို မိုင်ထောင်ချီ ဝေးကွာတဲ့ နေရာတွေကို သယ်ယူပို့ဆောင်ပြီး တိုက်ရိုက် ထိန်းသိမ်း ကွပ်ကဲတာတွေ လုပ်ဆောင်နိုင်ဖွယ် ရှိကြောင်းလည်း သိရပါတယ်။ ခန့်မှန်းထားတဲ့ ရည်မှန်းချက်အတိုင်းသာ ဒီသင်္ဘောကို တရုတ်က အသုံးပြုတာဆိုရင် ရှိရင်းစွဲ စစ်ဆင်ရေး နည်းလမ်းတွေနဲ့ လုံးဝ ကွာခြားတဲ့ အခင်းအကျင်းသစ်တစ်ခု ဖြစ်လာမယ်လို့လည်း ဆက်တန်က မှတ်ချက်ပေးခဲ့ပါတယ်။
တရုတ်ဟာ ၃၅ မီတာနဲ့ ၄၅ မီတာဆီ ရှည်လျားပြီး လူလိုက်ပါခြင်း လုံးဝမရှိတဲ့ ဒရုန်းရေငုပ်သင်္ဘော နှစ်မျိုးကို ၂၀၂၅ နှစ်ဆန်းပိုင်းမှာ မိတ်ဆက် ပြသခဲ့ပြီး ဟိုင်နန် ကျွန်းနားက တောင်တရုတ်ပင်လယ် ရေပြင်မှာ လက်တွေ့ စမ်းသပ်နေပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ စစ်တပ်တွေမှာလည်း ဒရုန်းရေငုပ်သင်္ဘောတွေ အသုံးပြုနေပေမယ့် တရုတ်ရဲ့ ဒရုန်းတွေက အရွယ်အစား သိသိသာသာ အများကြီး ပိုကြီးမားပါတယ်။ ရှန်ဟိုင်းမှာ ဆောက်လုပ်နေတဲ့ သင်္ဘောကတော့ အဲဒီ အကြီးစား ဒရုန်းရေငုပ်သင်္ဘောတွေကို သယ်ဆောင်ပြီး တိုက်ရိုက်ကွပ်ကဲဖို့ ဖြစ်လာနိုင်ပါတယ်။
အနောက်နိုင်ငံထုတ် ဒရုန်းတွေထဲမှာ အမေရိကန်ရဲ့ Boeing ကုမ္ပဏီက ထုတ်လုပ်တဲ့ Orcaဟာ အကြီးဆုံး ဖြစ်တာတောင် ၁၆ မီတာလောက်သာ ရှည်လျားပါတယ်။ ဗြိတိန်ရဲ့ XV Excaliburကတော့ ၁၂ မီတာလောက် အရှည်ရှိကြောင်း သိရပါတယ်။
ကိုးကား: Ynet



















































