တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတုန်းက နိုင်ငံတောင်ပိုင်း၊ ကွမ်တုံပြည်နယ်မှာရှိတဲ့ ဖိုရှန်းမြို့က စက်ရုံမှာ မီးလောင်မှု ဖြစ်ခဲ့တာပါ။ စက်မှုဇုန် တစ်ခုထဲက နှစ်ထပ် အဆောက်အအုံ မီးလောင်မှုကိုတော့ တစ်နာရီအတွင်း ငြှိမ်းသတ်နိုင်ခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ မီးလောင်မှုမှာ ပျက်စီးမှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့တဲ့အပြင် ၈ ဦးသေပြီး ၁ ဦး ဒဏ်ရာရခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။ မီးဟာ စက်ရုံကနေ တခြားနေရာတွေဆီတော့ ကူးစက်မှု မရှိခဲ့ပါဘူး။
လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာတော့ စက်ရုံရဲ့ အဆောက်အအုံဖက်ကနေ မီးခိုးလုံးတွေ အူထွက်နေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီ စက်ရုံဟာ ဂျင်းထည်တွေအတွက် အထည်အလိပ်သားတွေ ရက်လုပ်ပေးတာမျိုး လုပ်ငန်းတွေ လည်ပတ်နေတာပါ။

Public Service Announcement
ညနေပိုင်းမှာတော့ ပျောက်ဆုံးနေသူ မရှိဘူးဆိုတာ သေချာသွားတဲ့အတွက် မီးလောင်ပြင် နေရာက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို အဆုံးသတ်ခဲ့ပါတယ်။ အခုအခါမှာတော့ မီးလောင်မှု စတင်ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်းလည်း သိရပါတယ်။
ကိုးကား: Reuters



















































