နိုဝင်ဘာ ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း အရပ်သား ၄ဦး သတ်ဖြတ်ခံရမှု ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး ကြိုးပမ်းသွားမယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ထုတ်ပြန်ပါတယ်.
အောက်တိုဘာ ၃၁ရက်က ဟားခါးမြို့ကနေ ဖလမ်းမြို့ကို သုံးဘီးယာဉ်နဲ့ ပြန်လာတဲ့ သားအမိ ၃ဦးဟာ ဖလမ်းမြို့နယ်အတွင်းမှာ သတ်ဖြတ်ခံခဲ့ရတာပါ။ ၄၃နှစ်အရွယ် အမျိုးသမီး ၁ဦး၊ အသက် ၁၆နှစ်နဲ့ ၉နှစ်အရွယ် သမီး ၂ဦး အသက် ၃၅နှစ်အရွယ် သုံးဘီး ယာဉ်မောင်းတို့ဟာ ဖလမ်းမြို့နယ် ရီယယ်လ်တီ (Rialti) ကျေးရွာအနီးမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ကလေးငယ်အပါအဝင် အရပ်သား ၄ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းနဲ့ မိသားစုဝင်တွေရဲ့ နာကျင်မှုနဲ့ ဆုံးရှုံးရမှုများ အတွက် စာနာထောက်ထားကြောင်း CNO/CNDFက ဖော်ပြပါတယ်။

Public Service Announcement
“လူ့အသက်သည် တန်ဖိုးမဖြတ်နိုင်သည့် အရာဖြစ်သည့်အတွက် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် လုံခြုံမှုကို အလေးထားကာကွယ်ရမည်ဟု မိမိတို့အနေဖြင့် ခံယူထားပါသည်။အခင်းဖြစ်ပွားရာနေရာသည် အကြောင်းအမျိုးမျိုးကြောင့် လက်ရှိအချိန်တွင် CNO/CNDF တပ်ဖွဲ့ဝင်များ တပ်စွဲထားသော နေရာမဟုတ်သော်လည်း အပြစ်မဲ့ပြည်သူများ၏ အသက်ဆုံးရှုံးမှုအပေါ် တရားမျှတမှုရရှိရေး အတွက် မိမိတို့အနေဖြင့် လျစ်လျူရှုထားမည် မဟုတ်ပေ” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘက်လိုက်မှု ကင်းစွာစိစစ်စုဆောင်းပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် အပြင် ဘယ်ပုဂ္ဂိုလ် အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ ခြွင်းချက်မရှိ ဖော်ထုတ်နိုင်ရေး၊ တာဝန်ခံမှုရှိစေရေးနဲ့ ဥပဒေနဲ့ အညီ တရားမျှတမှု ရရှိစေရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ပါတယ်။
ဖလမ်းမြို့နယ်မြို့နယ်အတွင်းကို အရင်ကချင်းညီနောင်အဖွဲ့ဝင် CNO/CNDFအပါအဝင် ချင်းတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပြီး ၂၀၂၆ ဧပြီမှာ စစ်တပ်က ပြန်လည်သိမ်းပိုက်ကာ ဖလမ်း-ဟားခါးလမ်းကို စစ်တပ်က ထိန်းချုပ်ခဲ့ပါတယ်။
ချင်းကာကွယ်ရေးတပ်(CDF)-ဟားခါး ဥက္ကဋ္ဌ Salai Hram Lian ကတော့ သားအမိ ၃ဦးနဲ့ သုံးဘီးယာဉ်မောင်း သတ်ခံရတာဟာ နယ်မြေစိုးမိုးထိန်းချုပ်ထားတဲ့ စစ်အုပ်စုရဲ့ လက်ချက်ဖြစ်တယ်လို့ Voice of Chinland(VOC) ကို ဖြေကြားထားပါတယ်။ ဟားခါး – ဖလမ်း ကြားမှာ စစ်တပ်က ဂိတ် ၈ ခုလောက်ထားရှိပြီး လမ်းကြောင်း ထိန်းချုပ်ထားတာလို့ ဆိုပါတယ်။ အရပ်သား ၄ဦးသတ်ဖြတ်ခံရမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ လုပ်ဆောင်တယ်လို့ မဟုတ်မမှန်စွပ်စွဲရေးသားပြောဆိုမှုတွေရှိတဲ့အပေါ် CDF ဟားခါး ဥက္ကဋ္ဌက တုံ့ပြန် ပြောကြားခဲ့တာပါ။




















































