ဥဂ္ဂါ ရေးသားသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသူတွေ ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ၊ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ခန္ဒာကိုယ်စစ်ဆေးမှုတွေ၊ အသက်အန္တရာယ် တွေ့နိုင်သည်အထိ ဆေးကုသခွင့် ငြင်းပယ်ခံရမှုတွေ အပြင် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးတွေရဲ့ နာကျင်ဖွယ် အခြေအနေတွေကို အောက်ပါ ကိုယ်တွေ့မှတ်တမ်းတွေအပေါ် အခြေခံပြီး လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) က စက်တင်ဘာ ၂၂ ရက်မှာ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအစီရင်ခံစာအရ အာဏာသိမ်းပြီးချိန်ကစပြီး ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ ကျော်ထဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသမီး ၆,၆၀၀ ကျော်နဲ့ ကလေးသူငယ် ၆၄၀ ဦး ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်အတွင်း Human Rights Watch က နိုင်ငံရေးအကျဉ်းသူဟောင်း ၁၇ ဦး၊ မိသားစုဝင် ၃ ဦး၊ ရှေ့နေနဲ့ ကူညီစောင့်ရှောက်သူ ၄ ဦးတို့ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ဖမ်းဆီးခံရချိန်ကတက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေ ဖြစ်ခဲ့ကြတဲ့ဒီအကျဉ်းသူဟောင်းတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင် ၁၁ ခုမှာ ထိန်းသိမ်းခံခဲ့ရ သူတွေ ဖြစ်ခဲ့ကြပြီး၊ သူတို့ ကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို အောက်ပါအတိုင်း ပြောပြကြပါတယ်။”

Public Service Announcement
● လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ
လိင်ပိုင်းဆိုင်ရာနဲ့ Gender (ကျား၊ မ ဆိုင်ရာ ဖြစ်တည်မှု) အပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေဟာ ထိန်းသိမ်းခံထားရသူတွေအပေါ် ပြုလုပ်တဲ့ ပုံမှန် ညှဉ်းပန်းနှိပ်စက်မှုပုံစံတစ်မျိုး ဖြစ်ပြီး၊ မုဒိမ်းကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အရှက်ခွဲမှု၊ စော်ကားတဲ့ပုံစံနဲ့ ခန္ဓာကိုယ်အတွင်းထိ စစ်ဆေးမှုတွေနဲ့ စောင့်ကြည့်မှုတွေ ပါဝင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်တစ်ဦးက စစ်ကြောရေးအတွင်း မုဒိမ်းကျင့်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကို မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း ပြောပြပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်ကြား အင်းစိန်နဲ့ ဒိုက်ဦးထောင်တွေမှာ ထိန်းသိမ်းခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပြောကြားချက်အရ ထောင်ဝန်ထမ်းတွေဟာ ဆေးဝါး ဒါမှမဟုတ် အခြား လိုအပ်ချက်တွေနဲ့ လဲလှယ်ပြီး အကျဉ်းသူအချို့ကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကိုလက်ခံဖို့ စည်းရုံးဆွဲဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အင်းစိန်အကျဉ်းထောင်က အမျိုးသမီးတွေဟာ တရားရုံးကနေ ပြန်လာတဲ့အချိန်နဲ့ အပြင်မထွက်ခင် မူးယစ်ဆေး ဒါမှမဟုတ် ထောင်တွင်းမှ စာတွေပါ၊မပါ ရှာဖွေစစ်ဆေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ခန္ဓာကိုယ်စစ်ဆေးမှုတွေ ပြုလုပ်ခံခဲ့ရကြောင်း ပြောပြကြပါတယ်။
“တရားရုံးကနေ ထောင်အတွင်းကို ပြန်လာတိုင်း အမျိုးသမီးဝန်ထမ်းတွေက ခန္ဓာကိုယ်စစ်ဆေးမှု လုပ်ကြတယ်။ ပြင်ပကို စာတွေ မပေးလိုက်အောင်ဆိုပြီး ကျွန်မတို့ ခန္ဓာကိုယ်ထဲကို သူတို့ လက်ချောင်းတွေ ထည့်စစ်တာ။ အဲဒါက ပုံမှန်လုပ်ထုံးလုပ်နည်းပဲ။ ရာသီလာနေတဲ့ အမျိုးသမီးတွေ ဆိုရင် လစဉ်သုံးဂွမ်းကတ်ကို အတွင်းခံကနေ ခွာပြီး ပြရတယ်” လို့ ခိုင်ဇာက ပြောပါတယ်။
အကျဉ်းထောင် ငါးခုမှာ ထိန်းသိမ်းခံခဲ့ရတဲ့ အမျိုးသမီးတွေက ရေချိုးချိန် ဒါမှမဟုတ် အဝတ်အစား လဲချိန်တွေမှာ တိုက်ရိုက်ဖြစ်စေ၊ CCTV ကင်မရာတွေကတစ်ဆင့်ဖြစ်စေ စောင့်ကြည့်ခံခဲ့ရကြောင်းဖော်ပြကြပါတယ်။
“မျှော်စင်ပေါ်က ရဲတွေက စိုက်ကြည့်နေတော့ ရေချိုးရတာ လုံခြုံမှု မရှိဘူး” လို့ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်ကြား ပြည်အကျဉ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရသူ မချိုချိုဝင်း (၂၁ နှစ်) က ပြောပါတယ်။
“CCTV တွေက အဝတ်အစားလဲခန်းအပါအဝင် နေရာတိုင်းမှာ ရှိတယ်။ CCTV စောင့်ကြည့်တဲ့ သူတွေက အမျိုးသားတွေဖြစ်လို့ လုံခြုံမှု မရှိကြဘူး။ အချို့ အမျိုးသမီးတွေဆို ရေကို မချိုးရဲ ကြတော့ဘူး” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ရဲ့ ၂၀၂၅ ခုနှစ်တွေ့ရှိချက်မှာလည်း “ထိန်းသိမ်းရေးစခန်းတွေမှာ အသက်အရွယ်မျိုးစုံနဲ့ လိင်အမျိုးအစား မျိုးစုံရှိသူတွေအပေါ် လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊ မ ဆိုင်ရာ ဖြစ်တည်မှု အခြေပြု ရာဇဝတ်မှုတွေကို စနစ်တကျ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
ဒီရာဇဝတ်မှုတွေထဲမှာ မုဒိမ်းကျင့်မှု (အုပ်စုလိုက် မုဒိမ်းကျင့်မှုနဲ့ အကြိမ်ကြိမ် မုဒိမ်းကျင့်မှု)၊ စအိုနဲ့ မိန်းမကိုယ်အပေါက်တွေအတွင်း ပစ္စည်းတွေ ထည့်သွင်းခြင်း၊ ဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာ အတင်းအကျပ်စေခိုင်းခြင်း၊ လိင်အင်္ဂါတွေကို ဆေးလိပ် ဒါမှမဟုတ် မီးရှို့ထားတဲ့ ပစ္စည်းတွေနဲ့ ထိုးမီးရှို့ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကိုင်တွယ်ခြင်း ဒါမှမဟုတ် အဝတ်အစားတွေကို အပြည့်အဝဖြစ်စေ၊တစ်စိတ်တစ်ပိုင်းဖြစ်စေ အဓမ္မ ချွတ်ခိုင်းခြင်း၊ အရှက်ရစေဖို့ ရည်ရွယ်တဲ့ ခန္ဓာကိုယ်အတွင်းထိ စစ်ဆေးခြင်း၊ အမျိုးသမီးတွေနဲ့ လိင်တူချစ်သူတွေကို စော်ကားတဲ့ ဆဲဆိုမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မယ်လို့ ခြိမ်းခြောက်မှုတွေ၊ လိင်နဲ့ လိင်စိတ်တိမ်းညွတ်မှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေနဲ့ မျိုးဆက်ပွားဆိုင်ရာ အကြမ်းဖက်မှုတွေ (အထူးသဖြင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ်) ပါ ဝင်ပါတယ်။”
‘အကျဉ်းထောင်အတွင်းကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးများ ရင်ဆိုင်နေရသည့် အခြေအနေများ’
Human Rights Watchကို၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ပြောပြခဲ့တဲ့ ကိုယ်တွေ့အချက်အလက်တွေအရ နိုင်ငံရေးအကျဉ်းသူ ၁၂၅ ဦးခန့်ဟာ ကလေးတွေနဲ့အတူ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ထားစဉ် ထိန်းသိမ်းခံနေရတယ်လို့ သိရပါတယ်။ ကလေးအချို့ဟာ မိခင်တွေနဲ့အတူ ဖမ်းဆီးခံခဲ့ရပြီး အချို့ကတော့ ထောင်အတွင်းမှာ မွေးဖွားခဲ့ကြပါတယ်။ ကလေးသူငယ်တွေကိုမိဘတွေအတွက်ဓားစာခံအဖြစ် မတရား ဖမ်းဆီးထားခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။
နိုင်ငံတကာ စံနှုန်းတွေအရ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားပြီးနောက် ပြုစုစောင့်ရှောက်မှုတွေကို အထူးစီစဉ်ပေးရမှာဖြစ်ပြီး၊ ကလေးတွေကိုလည်း အကျဉ်းထောင်အပြင်ဘက် ဆေးရုံမှာ မွေးဖွားနိုင်အောင် စီစဉ်ပေးရမှာ ဖြစ်ပါတယ်။ မိခင်တွေနဲ့အတူ ကျန်ရှိနေတဲ့ ကလေးတွေ အတွက်လည်း ကျန်းမာရေး ဝန်ဆောင်မှုတွေ ရရှိနိုင်အောင် စီစဉ်ပေးရမှာ ဖြစ်ပါတယ်။
နွေနီဝင်း (၄၁ နှစ်) ဟာ ၂၀၂၅ ခုနှစ် မတ်လ ငလျင်ကြီးဖြစ်ပွားချိန်မှာ အိုးဘိုထောင်အတွင်း ဒဏ်ရာရခဲ့ပြီး အဲဒီအချိန်မှာ ကိုယ်ဝန်ရှစ်လ ရှိနေပြီ ဖြစ်ပါတယ်။
ဒေသတွင်း သတင်းတွေရဲ့ ဖော်ပြချက်အရ သူမရဲ့ ဆေးကုသခွင့် တောင်းဆိုမှုတွေကို နှစ်ပတ်ကျော် ငြင်းပယ်ခံခဲ့ရပြီး အဲဒီကာလအတွင်း သူမရဲ့ သန္ဓေသားဟာ သားအိမ်အတွင်း သေဆုံးသွားခဲ့ပါတယ်။ နွေနီဝင်းဟာ ကလေးအသေ မွေးဖွားပြီးနောက် မကြာမီ ပိုးဝင်မှုကြောင့် ကွယ်လွန်ခဲ့ရပါတယ်။
ခိုင်ဇာဟာ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးခံရချိန်က အသက် ၂၂ နှစ်ရှိပြီး ကိုယ်ဝန်ရှိမှန်း သိရှိပြီး တစ်ပတ် အကြာမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
“စစ်ကြောရေးမှာ မေးမြန်းသူတွေဟာ ကျွန်မမှာ ကိုယ်ဝန်ရှိမှန်း သိလျက်နဲ့ ကျွန်မကို ရိုက်နှက်ခဲ့၊ ကျောနဲ့ ပေါင်တွေကို လျှပ်စစ်ရှော့ခ်ရိုက်ခဲ့ကြတယ်” လို့ သူမက ပြောပါတယ်။
ခိုင်ဇာဟာ ကိုယ်ဝန်ဆောင်ကာလအတွင်း သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ ပြသခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် ခင်ပွန်းဖြစ်သူရဲ့ မိသားစုက ထောင်ဝန်ထမ်းတွေကို လာဘ်ပေးပြီး ကိုယ်ဝန်ဆောင် ဗီတာမင်တွေနဲ့ ဖြည့်စွက်စာတွေ ပေးပို့နိုင်ခဲ့ပါတယ်။ အာထရာဆောင်း စက်မရှိတာကြောင့် အင်းစိန်ထောင်ဝန်ထမ်းတွေက သူမရဲ့ ဗိုက်အရွယ်အစားကို တိုင်းတာပြီး ကလေးမွေးမယ့်ရက်ကို ခန့်မှန်းခဲ့ကြပါတယ်။ “ထောင်ဝန်ထမ်းတွေက ညဘက် ကလေးမမွေးဖို့၊ တံခါးဖွင့်ရတာ ကြာတယ် ဆိုပြီး ကျွန်မတို့ကို ဆဲဆိုကြတယ်” လို့ ခိုင်ဇာက ပြောပြပါတယ်။
မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ ဝင်းကြည်ဟာ အခြား နိုင်ငံရေးအကျဉ်းသူတစ်ဦးရဲ့ ကလေးကို ပစ္စည်းသိုလှောင်ခန်းအတွင်း မီးဖွားပေးခဲ့ရပါတယ်။ “ကလေးမွေးဖို့ ဘာကိရိယာမှ မရှိဘူး” လို့ သူမက ပြောပါတယ်။ “ဒါကြောင့် အကျဉ်းသူတွေ အားလုံး ဝိုင်းကူကြရတယ်။ ပစ္စည်းသိုလှောင်ခန်းကို ရှင်းလင်းပေးခဲ့ပြီး ကလေးကို ဖုန်တွေကြားထဲမှာ မွေးခဲ့ရတာ။ ကလေးမွေးပြီးတာနဲ့ သူမကို အခန်းထဲ ပြန်လမ်းလျှောက်ခိုင်းတယ်။ မီးဖွားပြီးတာနဲ့ ချက်ချင်း ပြန်ပိတ်ခံရတယ်။ ဆေးရုံပို့ပေးတာ ဒါမှမဟုတ် တခြား ဆေးဝါးကုသမှု မရှိခဲ့ဘူး” လို့ သူမက ပြောပါတယ်။
ထောင်တွင်းမှာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ပြုစုစောင့်ရှောက်မှုနဲ့ ကုသမှု မရှိတာကြောင့် မေဖြိုးမောင်ဟာ ဖမ်းဆီးခံထားရတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကူအညီကို ယူခဲ့ရပါတယ်။ သူမရဲ့ ခင်ပွန်းက ထောင်ဝန်ထမ်းတွေကို လာဘ်ပေးပြီး ဆေးဝါးနဲ့ ဗီတာမင်တွေ ပို့ပေးခဲ့သလို၊ ကိုယ်ဝန်ဆောင်စဉ် ဆရာဝန်နဲ့တစ်ကြိမ် ပြသခွင့် ရခဲ့ပါတယ်။ ဗိုက်ခွဲမွေးရန် လိုအပ်တာကြောင့် ဆေးရုံမှာ မီးဖွားနိုင်ဖို့ ခင်ပွန်းဖြစ်သူက ကျပ် ၃ သိန်း ပေးခဲ့ရပါတယ်။
ထိန်းသိမ်းခံထားရစဉ် မီးဖွားခဲ့ရတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ကလေးကို ထောင်ထဲမှာပဲ ထားရှိမွေးမြူမလား၊ ဒါမှမဟုတ် မိသားစုထံ လွှဲပြောင်းပေးမလားဆိုတဲ့ နာကျင်ဖွယ် ရွေးချယ်မှုကို ပြုလုပ်ရပါတယ်။ ၂၀၂၅ ခုနှစ်မှာ သမီးလေး မမွေးခင်ကတည်းက မေဖြိုးမောင်ဟာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။ သူမဟာ ကလေးကို ထောင်ထဲမှာ မထားရှိဖို့ ဆုံးဖြတ်ခဲ့ပြီး မီးဖွားပြီး တစ်ပတ်အကြာမှာ ကလေးနဲ့ ခွဲခွာခဲ့ရပါတယ်။
“ဒါက ရွေးချယ်ဖို့ အလွန်ခက်ခဲတဲ့ အခြေအနေတစ်ခုပါပဲ” လို့ သူမရဲ့ ခင်ပွန်းက ပြောပါတယ်။ “ကျွန်တော့်ကလေးကို ကျွန်တော့်မိန်းမနဲ့ အတူရှိစေချင်ပေမဲ့ လွတ်လပ်စေချင်တာလည်း ပါတာပေါ့”လို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူဟာ ဖမ်းဆီးခံရမှာ စိုးရိမ်ရတာကြောင့် နိုင်ငံပြင်ပကို ထွက်ပြေးခဲ့ရပြီး သူတို့ရဲ့ ဆွေမျိုးတွေက ကလေးကို မွေးမြူပေးခဲ့ကြပါတယ်။
ခိုင်ဇာဟာ ၂၀၂၂ ခုနှစ်မှာ ကလေးမွေးဖွားပြီး ၂၈ ရက်အကြာမှာ သမီးလေးကို မိသားစုထံ လွှဲပြောင်း ပေးခဲ့ရပါတယ်။ လွတ်မြောက်လာပြီးနောက် သုံးနှစ်အကြာမှသာ သမီးနဲ့ ပြန်လည်ဆုံစည်းခဲ့ရပါတယ်။
“ကျွန်မသမီးက ကျွန်မနဲ့ ဘာသံယောဇဉ်မှ မရှိတော့ဘူး။ကျွန်မကို အိမ်လာလည်တဲ့ ဧည့်သည် တစ်ယောက်လို့ပဲ ထင်နေခဲ့တာ” လို့ ခိုင်ဇာက ဝမ်းနည်းစွာ ပြောပြပါတယ်။
အကျဉ်းသူဟောင်းတွေရဲ့ ပြောကြားချက်အရ ကလေးတွေနဲ့ ခွဲခွာပြီးနောက် မိခင်နို့ ညှစ်ထုတ်နိုင်တဲ့ ကိရိယာတွေ မရှိတာကြောင့် နို့ချောင်းပိတ်ခြင်းနဲ့ ကူးစက်ရောဂါတွေ ဖြစ်ပွားနိုင်တဲ့ နာကျင်ဖွယ် နို့သီးခေါင်း ရောင်ရမ်းမှုတွေကို ခံစားခဲ့ကြရပါတယ်။
အချို့အကျဉ်းထောင်တွေမှာ ကလေးငယ်တွေဟာ မိခင်တွေနဲ့အတူ အခြားအကျဉ်းသူတွေနဲ့ ရောနှော နေထိုင်ခဲ့ရပြီး၊ ညောင်ရွှေလို အချို့ထောင်တွေမှာတော့ သီးသန့်အခန်းတွေ ရှိပါတယ်။ နန္ဒာလှိုင်က ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်ကြား အင်းစိန်ထောင်မှာ ရှိနေစဉ် အမျိုးသမီး ၁၀၀ ခန့်အနက် ၁၃ ဦးဟာ ကလေးငယ် တွေနဲ့အတူ အခန်းကြီးတစ်ခန်းထဲမှာ နေထိုင်ခဲ့ရတယ်လို့ ပြောပါတယ်။
ဝင်းကြည်က ၂၀၂၂ ခုနှစ် အိုးဘိုထောင်မှာ ရှိစဉ် အကျဉ်းသူ ၈၀ ရှိတဲ့ အခန်းတစ်ခန်းထဲမှာ အသက် ၆ နှစ်အောက် ကလေး ၁၂ ဦး နေထိုင်ခဲ့တယ်လို့ ပြောပါတယ်။
“သူတို့ကိုလည်း အကျဉ်းသားတွေလိုပဲ ဆက်ဆံတာ” လို့ သူမက ဆိုပါတယ်။ ကစားစရာတွေ၊ နေရာ အပို ဒါမှမဟုတ် နို့မှုန့်တွေ မရှိခဲ့ပါဘူး။
“မိခင်တွေနဲ့ ကလေးတွေ ပိုဒုက္ခရောက်ကြရတယ်။ မိခင်တွေက ကလေးတွေ အိပ်နိုင်အောင်၊ မငိုအောင် တစ်ညလုံး ယက်တောင် ခတ်ပေးနေကြရတာ” လို့ သူမက ပြောပါတယ်။
●မန္တလေးငလျင်ကြီးနှင့် အိုးဘိုထောင် အခြေအနေ
နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ရဲ့ ပြောကြားချက်အရ ၂၀၂၅ ခုနှစ် မတ်လ ငလျင်ဖြစ်ပွားချိန်မှာ အိုးဘိုထောင် (ငလျင်ဗဟိုချက်အနီး) အတွင်း နိုင်ငံရေးအကျဉ်းသား ၅၉ ဦး (အမျိုးသမီး ၂၆ ဦးပါဝင်) သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ ငလျင်ဖြစ်ပြီးချိန်မှာ လွတ်မြောက်ခဲ့ပေမယ့် ဒဏ်ရာတွေအတွက် ဆေးဝါးကုသခွင့် မရရှိတာကြောင့် သေဆုံးခဲ့သူတွေလည်း ပါဝင်ပါတယ်။
ပြည် အကျဉ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ မချိုချိုဝင်းကတော့ ငလျင်လှုပ်ချိန်မှာ ဝန်ထမ်းတွေဟာ အကျဉ်းသားတွေကို အခန်းတွေအတွင်း သော့ခတ်ထားခဲ့ပြီး ထွက်ပြေးသွားခဲ့တယ်လို့ ပြောပါတယ်။ ဒဏ်ရာအချို့ ရရှိခဲ့ပေမယ့် နောက်ဆက်တွဲ ဆေးဝါးကုသမှု မရရှိခဲ့ဘူးလို့လည်း သူမက ပြောပါတယ်။
Human Rights Watch ရဲ့ အာရှဒုတိယညွှန်ကြားရေးမှူး ဘရိုင်အိုနီလော ကတော့ “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ ပြောပြချက်တွေဟာ အလွန်ထိတ်လန့်စရာ ကောင်းပါတယ်။ အကျဉ်းထောင်စနစ်တစ်ခုလုံးအတွင်းမှာ ဒုက္ခပေးတာနဲ့ လျစ်လျူရှုတာတွေကို တမင်တကာ လုပ်ဆောင်နေကြပြီး ဒီလိုလုပ်ရပ်တွေဟာ ပုံမှန်လို ဖြစ်လာနေပါတယ်” လို့ ပြောကြားပါတယ်။
(အပိုင်း ၂ ဆက်ရန်)
ကိုးကား – Human Rights Watch



















































