အောက်တိုဘာ ၁၀၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
အကျဥ်းထောင်အသီးသီးကနေ ထောင်ဒဏ်ရက်စေ့လို့လွတ်မြောက်ပြီးမှ အာဏာသိမ်းစစ်တပ်ရဲ့ ပြန်လည်ဖမ်းဆီးခြင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၅ ဦးအထိ ရှိလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
၂၀၂၅ ဇန်နဝါရီကနေ ၂၀၂၆ အောက်တိုဘာအတွင်း အကျဉ်းထောင်အသီးသီးမှာ မတရား အကျဉ်းချခံထားရပြီးနောက်ထောင်ဒဏ်ရက်စေ့လို့ လွတ်မြောက်လာချိန်မှာ စစ်အုပ်စုကနေ ထပ်မံဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးနဲ့ ပြန်လည်တရားစွဲဆိုတာခံရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၃၅) ဦးအထိ ရှိလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ အောက်တိုဘာ ၁၀ ရက်မှာ အသိပေးပါတယ်။
PPNMက ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ စစ်တွေအကျဉ်းထောင်မှ ၁၃ ဦးနဲ့ ပြန်လည်ဖမ်းဆီးခံရမှု အများဆုံးဖြစ်ပြီး ကျောက်ဖြူအကျဉ်းထောင်မှ ၇ ဦး၊ လွိုင်ကော်အကျဉ်းထောင်မှ ၄ ဦး၊ မကွေးအကျဥ်းထောင်မှ ၃ဦး၊ အိုးဘိုအကျဉ်းထောင်မှ ၃ ဦး၊ အင်းစိန်အကျဥ်းထောင်မှ ၂ဦး၊ ဒိုက်ဦး အကျဉ်းထောင်မှ ၂ ဦးနဲ့ သာယာဝတီအကျဉ်းထောင်မှ ၁ ဦး တို့ ဖြစ်ကြောင်း သိရပါတယ်။ ယခုစာရင်းဟာ PPNM ရဲ့ အချက်အလက်ကောက်ယူရရှိမှုဖြစ်ပြီး မြေပြင်မှာ ယခုထက် ပိုမိုများပြားနိုင်တယ်လို့ PPNMက ဆိုပါတယ်။

Public Service Announcement
အဲဒီ ပြန်လည်ဖမ်းဆီးခံရသူ (၃၅)ဦးအနက် အမျိုးသမီး (၄) ဦး ပါဝင်ပြီး ၎င်းတို့ကို စစ်အုပ်စုမှ မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က) တို့နဲ့ ထပ်မံတရားစွဲဆိုကာ မတရား ထောင်ဒဏ်တွေ တိုးမြှင့်ချမှတ်ခဲ့ကြောင်း PPNMက ထပ်မံအသိပေးပါတယ်။
ပြန်လည်ဖမ်းဆီးခံရသူတွေရဲ့ ဖြစ်စဉ်တွေမှာ ထောင်တံခါးဝမှာပဲ တိုက်ရိုက်ပြန်လည်ဖမ်းဆီးခံရတာနဲ့ နေအိမ်ကိုရောက်ပြီးမှ ဖမ်းဆီးခံရတာတွေအပြင် အချို့ကတော့အကျဉ်းထောင်ပြင်ပသို့ မလွတ်မြောက်ဘဲ ထောင်တွင်းမှာပဲ မတရား ပုဒ်မအသစ်တွေ ထပ်အတပ်ခံရပြီး ထောင်ဒဏ်တိုးမြှင့်ခံရတဲ့ ဖြစ်စဉ်တွေလည်း ပါဝင်နေကြောင်း PPNM က ရှင်းပြပါတယ်။
“လွှတ်ပေးလိုက်တယ်ပေါ့နော်။ နာမည်ခေါ်ပြီးတော့ ထောင်ဘူးဝမှာပဲ ရဲဘက်ကနေမှ ပြန်ပြီးတော့ ပုဒ်မတပ်တယ်ဆိုပြီးတော့ ထောင်ထဲကို ပြန်ပြီးတော့ထားတဲ့ သူတွေလည်း ရှိနေပါတယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ပြန်လည်ဖမ်းဆီးမှုတွေကြောင့် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ ကိုယ့်နေအိမ်မှာ မနေနိုင်ဘဲ အခြားဒေသတွေမှာ ပြောင်းရွှေ့နေထိုင်နေရတယ်လို့ နိုင်ကျဥ်းမိသားစုဝင်တွေက ပြောပါတယ်။
စစ်အုပ်စုရဲ့ အဲဒီလုပ်ရပ်တွေဟာ အခြေခံလူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို မတရားအကျဉ်းချကာကာလပြည့်သော်လည်း လွတ်လပ်ခွင့်မပေးဘဲ ဆက်လက် ချုပ်နှောင်ထားတာဖြစ်ကြောင်း PPNM က ထောက်ပြပါတယ်။
ဒါ့ကြောင့် စစ်အုပ်စုရဲ့ မတရား ပြန်လည်ဖမ်းဆီးမှုတွေနဲ့ ထောင်တွင်း ဖိနှိပ်မှုတွေကို ဝိုင်းဝန်းစောင့်ကြည့် သတိပြုကြဖို့နဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံး လွတ်မြောက်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ အတူတကွ ဆက်လက်တောင်းဆို တိုက်ပွဲဝင်သွားကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တိုက်တွန်းထားပါတယ်။



















































