အစ္စရေး နိုင်ငံသား အများအပြား စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ ကြိုးစားခဲ့တဲ့ တွဲဖက် လေယာဉ်မှူးဟာ အစ္စလာမ်မစ် အစွန်းရောက်ဝါဒ သွတ်သွင်းခြင်း ခံထားရတယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။
Flydubai လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ်ဟာ စက်တင်ဘာ ၃၀ ရက်နေ့က အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံကနေ အစ္စရေးရဲ့ တဲလ်အဗစ်ဗ် မြို့တော်ဆီ ဦးတည်ပျံသန်းနေရင်း ထိတ်လန့် ချောက်ချားစရာ အနုကြမ်းစီးဖို့ အားထုတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အိုမန်နိုင်ငံသား တွဲဖက် လေယာဉ်မှူးဟာ အိန္ဒိယသား လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ကို ပေပေါင်း ၁၇၀၀၀ ကျော်လောက် စိုက်ဆင်းစေခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်မှူး စမစ် မတ်ချာဟာက ဒဏ်ရာရနေတဲ့ ကြားကနေ အခန်းတံခါးကို ရအောင် ဖွင့်ပြီး အော်ဟစ် အကူအညီ တောင်းခဲ့တာကြောင့် ခရီးသည်တွေ၊ လေယာဉ်အမှုထမ်းတွေက တိုက်ခိုက်သူကို ဝိုင်းချုပ်ခဲ့ပြီး လေယာဉ်ကိုလည်း ပြန်ဦးမော့စေခဲ့ပါတယ်။ အဲဒီနောက် ဆော်ဒီအာရေးဘီးယား နိုင်ငံ ပိုင်နက်ထဲမှာ လေယာဉ်ကို အရေးပေါ် ဆင်းသက်ခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပေမယ့် ကနဦး သိရှိထားသမျှ အချက်တွေအရ တွဲဖက်လေယာဉ်မှူးဟာ လေယာဉ်ကို အပိုင်စီးပြီးတာနဲ့ ထိုးစိုက်ဆင်း ဖောက်ခွဲပစ်ဖို့ ကြံစည်ထားတာ ဖြစ်နိုင်ခြေ အရမ်းများတယ်လို့ Fox သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Public Service Announcement
ယူအေအီး အစိုးရ သတင်းဌာနကတော့ အခုဖြစ်ရပ် နောက်ကွယ်မှာ အကြမ်းဖက်ဝါဒ၊ အကြမ်းဖက်လှုပ်ရှားမှုနဲ့ ရည်ရွယ်ချက်တွေ ဆက်စပ်မှု ရှိမရှိ စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ထားပါတယ်။
လေယာဉ် အရေးပေါ် ဆင်းသက်မှုကို လက်ခံကူညီပေးခဲ့တဲ့ ဆော်ဒီ အစိုးရရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနကတော့ လေယာဉ်မှူးရော၊ တွဲဖက် လေယာဉ်မှူးကိုပါ လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်ပြီး အဆင်ပြေတဲ့အတွက် ယူအေအီး နိုင်ငံဆီ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လေယာဉ်ဟာ ယူအေအီး လေကြောင်းလိုင်း တစ်ခုက ပိုင်ဆိုင်တာကြောင့် အခုဖြစ်ရပ်အတွက် စီရင်ကိုင်တွယ်ပိုင်ခွင့်ကို ယူအေအီး အစိုးရက တောင်းဆိုထားပါတယ်။
နေတန်ညာဟုက တွဲဖက်လေယာဉ်မှူးဟာ ခရီးသည်တွေနဲ့ အမှုထမ်းတွေရဲ့ ဝိုင်းဝန်း ချုပ်နှောင်မှုကို ခံရပြီးချိန်မှာ သူ့ကို သတ်ပစ်ဖို့ အော်ဟစ် တောင်းဆိုနေခဲ့ကြောင်း၊ သူဟာ သေဖို့ စိတ်ပိုင်းဖြတ်ပြီးသားဆိုတာ အရမ်းသိသာနေကြောင်း ဆိုပါတယ်။
လေယာဉ်ပေါ် ပါလာတဲ့ ခရီးသည်တွေက ဘယ်သူတွေလဲ ဆိုတာရယ်၊ တွဲဖက် လေယာဉ်မှူးရဲ့ နောက်ခံ အခြေအနေတွေကို စစ်ဆေးကြည့်တဲ့အခါ အစ္စလာမ်မစ် အစွန်းရောက် ဝါဒ သွတ်သွင်း ခံထားရမှုတွေ ရှိနေမှန်း ရှာတွေ့လာတာတွေရယ် ပေါင်းလိုက်ရင် အခြေအနေကို မှန်းဆဖို့ ကောင်းမွန်တဲ့ သဲလွန်စမျိုး ဖန်တီးပေးကြောင်း နေတန်ညာဟုက ပြောပါတယ်။ ဒါပေမဲ့ အခုလုပ်ရပ်ကို တွဲဖက်လေယာဉ်မှူးက ဘာကြောင့် ကျူးလွန်သလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ ခိုင်မာ တိကျတဲ့ ကောက်ချက်မျိုး သူ့အနေနဲ့ မချချင်သေးကြောင်း အစ္စရေး ဝန်ကြီးချုပ်က အလေးအနက် ဆိုပါတယ်။
လေယာဉ်ပေါ်မှာ ကလေး ၂၇ ဦး အပါအဝင် စုစုပေါင်း ခရီးသည် ၁၇၄ ဦးနဲ့ အမှုထမ်း ၆ ဦး စီးနင်းလိုက်ပါလာခဲ့ပါတယ်။ ခရီးသည် ၁၆၉ ဦးဟာ အစ္စရေး နိုင်ငံသားတွေဖြစ်ပြီး နောက်ထပ် ၄ ဦးကတော့ အစ္စရေးနဲ့ အမေရိကန် ပတ်စ်ပို့တ် ပူးတွဲကိုင်ဆောင်ထားသူတွေလို့ သိရပါတယ်။ တစ်နည်းအားဖြင့် လေယာဉ်သာ အနုကြမ်းစီး ခံရပြီး ပျက်ကျမယ်ဆိုရင် အစ္စရေးအများအပြား အစုလိုက် သေဆုံးကုန်မယ့် သဘောပါပဲ။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ယူအေအီး အစိုးရကတော့ အခုဖြစ်ရပ်မှာ အီရန်က ကြိုးကိုင်ပါတယ်လို့ တိုက်ရိုက် မစွပ်စွဲပေမယ့် အီရန်ရဲ့ ဆက်နွှယ် ပတ်သက်မှုတွေ ရှိကောင်း ရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ထရမ့်က ဒီကိစ္စမှာ အီရန်ရဲ့စနက် မကင်းဘူးဆိုတာ စစ်ဆေးတွေ့ရှိရင် အီရန်ကို ပြင်းပြင်းထန်ထန် ထိုးနှက်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
လုပ်ထုံးလုပ်နည်းတွေအရ အစ္စရေး နိုင်ငံသား ခရီးသည်တွေ အများအပြား ပါဝင်တဲ့ လေယာဉ် ခရီးစဉ်တွေမှာ အစ္စရေးနဲ့ သံတမန် ဆက်ဆံရေး ထူထောင်မထားတဲ့ နိုင်ငံတွေရဲ့ လေယာဉ်မှူးတွေကို တာဝန်ယူ ပျံသန်းခွင့် ပြုလေ့မရှိပါဘူး။ အခုကိစ္စမှာတော့ ဘာကြောင့် အိုမန်နိုင်ငံသား တွဲဖက် လေယာဉ်မှူးက ဘာကြောင့် လေယာဉ်ပေါ် ရောက်နေသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဒီဖြစ်စဉ်မှာ ယိုပေါက်တစ်ခု ရှိနေတာကို မြင်သာစေကြောင်း၊ တခြားသော အကြောင်းအရာတွေနဲ့အတူ ဒါကိုလည်း အာရုံစိုက် စုံစမ်းဖို့ လိုကြောင်း၊ ယူအေအီး အစိုးရကလည်း အစ္စရေးနဲ့ အပြည့်အဝ ပူးပေါင်း အလုပ်လုပ်နေပြီး နှစ်ဖက်စလုံးက ဒါမျိုးထပ်မဖြစ်တာ သေချာစေဖို့ အလေးအနက် ဆန္ဒရှိကြကြောင်း နေတန်ညာဟုက မှတ်ချက်ပေးသွားခဲ့ပါတယ်။
ကိုးကား: BBC

















































