အစ္စရေး ခရီးသည် အများစု လိုက်ပါလာတဲ့ လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်မှုမှာ ကျူးလွန်သူဟာ အကြမ်းဖက် လုပ်ရပ်တစ်ခုကို ရည်ရွယ် ကြံဆောင်ခဲ့တာ ဖြစ်ကြောင်း အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)ရဲ့ စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောကြားခဲ့ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့တုန်းက ယူအေအီးရဲ့ ဒူဘိုင်းမြို့ကနေ အစ္စရေးရဲ့ တဲလ်အဗစ်ဗ်မြို့ဆီ ပျံသန်းနေတဲ့ Flydubai လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ပေါ်မှာ တွဲဖက် လေယာဉ်မှူးက လေယာဉ်မှူးကို ပုဆိန်နဲ့ တိုက်ခိုက်ပြီး လေယာဉ်ကို အနုကြမ်းစီးဖို့ ကြိုးစားခဲ့ပါတယ်။ တွဲဖက်လေယာဉ်မှူးဟာ လေယာဉ်ကိုလည်း ရည်ရွယ်ချက်ရှိရှိ ထိုးဆင်းစေခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာ အပြင်းအထန် ရထားတဲ့ အိန္ဒိယသား လေယာဉ်မှူး စမစ် မစ်ချာဟာက လေယာဉ်မှူး အခန်းတံခါးကို ရအောင် ဖွင့်ပြီး အကူအညီ တောင်းခဲ့တာကြောင့် ခရီးသည်တွေက တိုက်ခိုက်သူကို ဝိုင်းဝန်း ချုပ်နှောင် ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ခရီးသည် ၁၇၄ ဦး၊ အမှုထမ်း ၈ ဦး လိုက်ပါလာတဲ့ ခရီးစဉ်အမှတ် FZ1073 လေယာဉ်ဟာ ပေ ၁၇၀၀၀ လောက်ထိ စိုက်ဆင်းသွားပေမယ့် ပြန်လည် တည့်မတ်နိုင်ခဲ့သလို ခရီးသည်တွေထဲမှာ လိုက်ပါလာတဲ့ တာဝန်ချိန် မဟုတ်တဲ့ တခြားလေယာဉ်မှူး နှစ်ဦးက ထိန်းချုပ်မောင်းနှင်ပြီး ဆော်ဒီအာရေးဘီးယားမှာ အရေးပေါ် ဆင်းသက်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို ယူအေအီး ရှေ့နေချုပ်ရုံးနဲ့ အစ္စရေး ထောက်လှမ်းရေးတို့ ပူးပေါင်း စစ်ဆေးနေပြီး အောက်တိုဘာ ၃ ရက်နေ့မှာတော့ ယူအေအီး ရှေ့နေချုပ် ဟာမတ်ဆိုင်ဖ် အယ်လ်ရှမ်ဆီက ကျူးလွန်သူဟာ အကြမ်းဖက်ဖို့ ကြံစည်ထားတာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement
အရင်ကတည်းက အိုမန်နိုင်ငံသား တွဲဖက်လေယာဉ်မှူး ဟမ်မမ် အယ်လ်ဟမ်မမ်မီဟာ အစ္စရေး အများစု လိုက်ပါလာတဲ့ လေယာဉ်ကို အကြမ်းဖက် တိုက်ခိုက်မှု ရည်ရွယ်ချက်နဲ့ အနုကြမ်းစီးဖို့ ကြိုးစားခဲ့တာဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်နေခဲ့ပေမယ့် အာဏာပိုင်တွေက ကနဦး စစ်ဆေးမေးမြန်းမှုတွေအပြီး အောက်တိုဘာ ၃ ရက်နေ့ကျမှာ အခုလို အတည်ပြု ကြေညာတာ ဖြစ်ပါတယ်။
အစောပိုင်းမှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကလည်း တွဲဖက်လေယာဉ်မှူးဟာ အစ္စလာမ်မစ် အစွန်းရောက်ဝါဒ သွတ်သွင်းခံထားရသူလို့ ပြောပေမယ့် ဖြစ်စဉ်ကို အကြမ်းဖက်လုပ်ရပ် ဟုတ်မဟုတ် မှတ်ချက်မပေးခဲ့ပါဘူး။
အောက်တိုဘာ ၃ ရက်နေ့မှာတော့ ယူအေအီး ဒုတိယ ဝန်ကြီးချုပ် ဟမ်ဒန်ဘင် မိုဟာမက်ဟာ ယူအေအီးမှာ ဆေးရုံတက်နေတဲ့ အိန္ဒိယ လေယာဉ်မှူးဆီ သွားရောက် လည်ပတ် တွေ့ဆုံခဲ့ပါတယ်။ လေယာဉ်မှူး မတ်ချာဟာရဲ့ အမြင့်ဆုံး ပြသခဲ့တဲ့ သတ္တိ၊ တာဝန်ယူမှုနဲ့ လူ့အသက်တွေအပေါ် အလေးထားမှုတွေကို ဒုတိယ ဝန်ကြီးချုပ်က ချီးကျူးခဲ့တယ်လို့လည်း သိရပါတယ်။
အရေးပေါ် အခြေအနေတွေမှာ အသုံးပြုဖို့ လေယာဉ်မှူး အခန်းထဲမှာ ထားရှိတဲ့ ပုဆိန်ကိုသုံးပြီး တိုက်ခိုက်မှု ကျူးလွန်ခဲ့သူ အယ်လ်ဟမ်မမ်မီကတော့ ယူအေအီးမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး စုံစမ်းစစ်ဆေး မေးမြန်း ခံနေရပါတယ်။
လေယာဉ် အနုကြမ်းစီးမှု ဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ အီရန်နိုင်ငံ ဆက်စပ် ပါဝင်နိုင်ခြေ ရှိနေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်သာ ဒီကိစ္စနဲ့ ဆက်စပ်နေမှန်း ဖော်ထုတ်နိုင်ရင် ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။
ကိုးကား: AFP


















































