ဒီဇယ်တင်ပို့ ရောင်းချမှုတွေကို အမေရိကန်က ကန့်သတ် ပိတ်ပင်သွားမှာ မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
စျေးကွက်ထဲမှာ လောင်စာအကျပ်အတည်း ပြေလျော့စေဖို့အတွက် ဥရောပ နိုင်ငံတွေက သိုလှောင်သိမ်းဆည်းထားတဲ့ လောင်စာဆီတွေကို ထုတ်ရောင်းဖို့ ဆုံးဖြတ်ခဲ့တဲ့နောက် အောက်တိုဘာ ၂ ရက်နေ့မှာ ထရမ့်က အခုလို ကြေညာခဲ့တာပါ။
ထရမ့်က ဥရောပ နိုင်ငံတွေရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုကို ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့လည်း ချီးကျူးခဲ့ပါတယ်။ အမေရိကန်ဟာ ပြည်တွင်း ဒီဇယ်စျေးတွေ မြင့်တက်လာတဲ့နောက် ပြည်ပဆီ တင်ပို့ရောင်းချမှုတွေကို တားဆီး ပိတ်ပင်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်လာပေမယ့် ထရမ့်ကတော့ တကယ်တမ်းမှာ အဲဒီလို ကိစ္စမျိုး ဘယ်တုန်းကမှ မရှိခဲ့ကြောင်း ပြောကြားသွားပါတယ်။
ဥရောပမှာ သိုလှောင်ထားတဲ့ ဒီဇယ်ဆီတွေ အများအပြား ရှိနေခဲ့ကြောင်း၊ ကမ္ဘာ့စျေးကွက်ထဲ ဒီဇယ်တွေ ထည့်ဝင်ဖြန့်ဝေ ရောင်းချပေးဖို့ ဥရောပ နိုင်ငံတွေကို သူက တောင်းဆိုခဲ့ကြောင်း၊ အခုဆိုရင် ဥရောပ နိုင်ငံတွေဟာ ကမ္ဘာကြီးရဲ့ လိုအပ်ချက်ကို အမေရိကန်နည်းတူ အဓိက ပါဝင်ဖြည့်ဆည်းကြတော့မှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement
ပြီးတော့ အမေရိကန်ဟာ ဒီဇယ်တင်ပို့မှုတွေကို ရပ်ဆိုင်းမှာ မဟုတ်ကြောင်း၊ အရင်လိုပဲ လုပ်သင့်တာကို ဆက်လုပ်နေမှာဖြစ်ကြောင်းလည်း ထရမ့်က ပြောကြားသွားပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့တုန်းကတော့ ထရမ့်က သူဟာ ပြည်တွင်းမှာ ဒီဇယ်စျေး ကျဆင်းလာစေဖို့နဲ့ ကမ္ဘာအနှံ့မှာ ထုတ်လုပ်မှုနှုန်း တိုးလာအောင် ဖိအားပေးဖို့အတွက် ဒီဇယ်တင်ပို့ရောင်းချမှု ပိတ်ပင်တဲ့ ကိစ္စကို ထောက်ခံကြောင်း ပြောခဲ့ဖူးပါတယ်။
အခုသီတင်းပတ်ထဲမှာတင် သူက ဥရောပရဲ့ ဒီဇယ်ထုတ်လုပ်ပေးနိုင်မှုကို မြှင့်တင်လာအောင် ဖိအားပေးဖို့အတွက် အမေရိကန် ဒီဇယ်တင်ပို့ ရောင်းချမှု ပိတ်ပင်မယ့် အစီအစဉ်ကို သူ့အစိုးရက စဉ်းစားနေဆဲလို့ ထရမ့်က ပြောခဲ့ပါသေးတယ်။
G7 အဖွဲ့ဝင် စီးပွားရေး အင်အားကြီး နိုင်ငံတွေဟာ ကမ္ဘာ့ဒီဇယ် အကျပ်အတည်းကို ပြေလည်စေဖို့အတွက် အပိုဆောင်း သိုလှောင်ထားတဲ့ထဲက ဒီဇယ်နဲ့ ရေနံစိမ်း စည်ပေါင်း သန်း ၁၀၀ ကို ထုတ်ပေးဖို့ အောက်တိုဘာ ၂ ရက်နေ့မှာ သဘောတူခဲ့ပါတယ်။
ထရမ့်ရဲ့ အစိုးရဟာ အီရန်စစ်ပွဲ ဂယက်ကြောင့် ဖြစ်ပေါ်လာတဲ့ လောင်စာဆီစျေး မြင့်တက်မှုတွေကြောင့် မဲဆန္ဒရှင် ပြည်သူတွေရဲ့ ဒေါသထွက်မှုနဲ့ ကြုံတွေ့နေပြီး နောက်လမှာ ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲမှာ လွှတ်တော်ကို ဆက်လက် ထိန်းချုပ်ထားခွင့် ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေမျိုး ကြုံနေရပါတယ်။
ကိုးကား: AFP



















































