နှစ်ပေါင်း ၅၅၀ လောက် တည်တံ့ခဲ့တဲ့နောက် အမေရိကန်နိုင်ငံ၊ ဟာဝိုင်ယီပြည်နယ်ရဲ့ နာမည်ကျော် သဘာဝ ကျောက်ခုံးကြီးဟာ ပစိဖိတ် သမုဒ္ဒရာထဲကို ပြိုကျပြီး ပျက်စီးသွားပြီ ဖြစ်ပါတယ်။
ဟိုလေး ပင်လယ်ကမ်းနားကျောက်ခုံးလို့ ခေါ်တဲ့ နေရာဟာ ကျွန်းစုဒေသဖြစ်တဲ့ ဟာဝိုင်ယီရဲ့ အဓိက ကျွန်းမကြီးပေါ်က မီးတောင်များ သဘာဝ ဥယျာဉ် သတ်မှတ် ဇုန်နယ်မြေထဲမှာ တည်ရှိပါတယ်။ ပင်လယ်ဖက်ကို တိုးထွက်နေတဲ့ သဘာဝ ကျောက်ခုံးတစ်ခုအဖြစ် တည်ရှိနေတဲ့ နေရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅၀ လောက်က မီးတောင်ချော်ကျောက်တွေကနေ ဖြစ်ပေါ်လာခဲ့တာပါ။
ပစိဖိတ် သမုဒ္ဒရာ ကမ်းစပ်ကို တိုးထွက်နေတဲ့ နေရာဟာ ဥယျာဉ်ထဲ သွားရောက်လည်ပတ်သူတွေကြားမှာ အရမ်းထင်ရှား လူသိများပါတယ်။ အခုတော့ ဟိုလေး ကျောက်ခုံးဟာ လုံးဝဥဿုံ ပျောက်ကွယ်သွားပြီလို့ ဥယျာဉ် တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။
အဲဒီ သဘာဝ ကျောက်သား အဆောက်အအုံကြီး ဘယ်တုန်းက ပြိုကျသွားသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ စက်တင်ဘာ ၂၃ ရက်နေ့ထိ ပုံသဏ္ဍန်မပျက် ရှိနေသေးတာကို အတည်ပြုနိုင်ပေမယ့် စက်တင်ဘာ ၂၇ ရက်နေ့မှာတော့ မတွေ့ရတော့ဘူးလို့ အမေရိကန် အမျိုးသား သဘာဝ ဥယျာဉ်များဌာန (NPS)က ထုတ်ပြန်ပါတယ်။

Public Service Announcement
စက်တင်ဘာ လကုန်ပိုင်းတုန်းက အပူပိုင်းမုန်တိုင်း နိုလို ဝင်ရောက်တိုက်ခတ်မှုကြောင့် ဥယျာဉ်ကို ယာယီပိတ်ထားချိန်မှာ အဲဒီ ကျောက်ခုံးကြီး ပြိုကျသွားတာ ဖြစ်နိုင်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အဲဒီ ကျောက်ခုံးကြီး တည်ရှိရာတဝိုက်က ကမ်းခြေ အနေအထားဟာ ပိုပြီး မတည်မငြိမ် ဖြစ်လာတာကို သတိထားမိကြောင်း NPSက ဆိုပါတယ်။ ၂၀၂၁ မှာတော့ အဲဒီ ကျောက်ခုံးဟာ အချိန်မရွေး ပြိုကျနိုင်ကြောင်း သတိပေးချက်တွေ စတင် ထုတ်ပြန်ခဲ့ပါတယ်။
ဟိုလေးကျောက်ခုံးကြီးဟာ ကမ္ဘာလှည့် ခရီးသည်တွေ အများဆုံး သွားရောက်တဲ့ ဒေသတစ်ခုဖြစ်ပြီး ဟာဝိုင်ယီရဲ့ ဓာတ်ပုံ အရိုက်ခံရဆုံး ရှုခင်းတွေထဲက တစ်ခုလို့လည်း သတ်မှတ်ခံထားရပါတယ်။
ဘူမိဗေဒ ပညာရှင်တွေရဲ့ အဆိုအရ ၂၀၁၈ ခုနှစ်တုန်းက ကီလော်ရာ မီးတောင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ငလျင်တွေဟာ အဲဒီ ကျောက်ခုံးကြီး ဆက်စပ်တည်ရှိတဲ့ တောင်စောင်းရဲ့ ခိုင်မာမှုကို ထိခိုက် အားလျော့သွားစေခဲ့ကြောင်း သိရပါတယ်။
ကိုးကား: BBC



















































