ပြင်သစ်နိုင်ငံက ကျောင်းသား ဆန္ဒပြပွဲတွေအတွင်း အဓိကရုဏ်း နှိမ်နင်းရေး လက်ပစ်ဗုံးကို ကောက်ကိုင်ဖို့ ကြိုးစားသူ ဆယ်ကျော်သက် လူငယ်တစ်ဦး လက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း သိရပါတယ်။
ပြင်သစ်က မြို့ကြီးတွေမှာ စာသင်ကျောင်းတွေရဲ့ ရုပ်ဝတ္ထုပိုင်း ဖြည့်တင်းနိုင်မှု အားနည်းတာ၊ သင်ကြားရေးဝန်ထမ်း မလောက်ငှတာ၊ အတန်းတွေထဲမှာ ကျောင်းသားအရေအတွက် များလွန်းနေတာတွေကို မကျေနပ်လို့ အထက်တန်း ကျောင်းသားတွေက ဆန္ဒပြနေပါတယ်။
စက်တင်ဘာ လလယ်လောက်တုန်းက ပါရီမြို့တော်ကနေ စတင်လာတဲ့ ဆန္ဒပြပွဲတွေဟာ နောက်ပိုင်းမှာတော့ အဓိကရုဏ်းဆန်ဆန် အခြေအနေတွေကို ကူးပြောင်းလာသလို ပဋိပက္ခတွေအတွင်း ကျောင်းသား ၂၀၀ ကျော်လောက် ဒဏ်ရာတွေ ရခဲ့ပြီး ဖြစ်ပါတယ်။
ပြင်သစ်မှာ အထက်တန်း ပညာရေး သင်ကြားပေးနေတဲ့ ကျောင်းပေါင်း ၃၇၀၀ လောက် ရှိတဲ့ထဲက ၅၀၀ လောက်ဟာ အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ပိတ်ထားရပါတယ်။ အောက်တိုဘာ ၆ ရက်နေ့မှာတော့ အလယ်တန်း ကျောင်းတွေက ကျောင်းသူကျောင်းသားတွေပါ ချီတက် ဆန္ဒပြကြဖို့ စီစဉ်ထားပါတယ်။

Public Service Announcement
လန်းစ်မြို့မှာတော့ အောက်တိုဘာ ၅ ရက် ဆန္ဒပြပွဲတွေအတွင်း ရဲတွေက လူစုခွဲရာမှာ အသုံးပြုတဲ့ အဓိကရုဏ်း နှိမ်နင်းရေး လက်ပစ်ဗုံးကို ကောက်ကိုင်ရာက လက်ထဲ ထပေါက်ကွဲလို့ အသက် ၁၅ နှစ်အရွယ် ကျောင်းသားလူငယ်တစ်ဦး လက်တစ်ဖက် ပြတ်သွားခဲ့ပါတယ်။
အဲဒီဗုံးဟာ လူအုပ်ကြားထဲမှာ ကွဲရင် အသံအကျယ်ကြီးမြည်ပြီး စူးရှတဲ့ အလင်းတန်းမျိုး ထွက်လာအောင် ဖန်တီးထားတဲ့ ဖောက်ခွဲရေး ကိရိယာ တစ်မျိုးပါ။ လူငယ်ကို ဆေးရုံတင်ပို့ပေးခဲ့ရပြီး အခုတော့ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ လန်းစ်မြို့ ရတြပ်ဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း နိုင်ငံအလယ်ပိုင်း၊ တိုးစ်မြို့မှာ ဆန္ဒပြပွဲတွေကနေ ကူးပြောင်းသွားတဲ့ အဓိကရုဏ်းတွေအတွင်း ဦးခေါင်းဒဏ်ရာ အပြင်းအထန် ရရှိသွားတဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးဟာ နောက်ဆက်တွဲအဖြစ် မျက်စိတစ်ဖက် အမြင်အာရုံ ဆုံးရှုံးသွားကြောင်း အစိုးရ ရှေ့နေတွေက ပြောကြားခဲ့ပါတယ်။
စက်တင်ဘာ လလယ်ကစလို့ ဆန္ဒပြပွဲနဲ့ ဆက်စပ်တဲ့ အဓိကရုဏ်းတွေအတွင်း ကျောင်းသား ၂၁၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၇၁၅ ဦးထိ ဒဏ်ရာတွေ ရခဲ့ပြီးဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ပါတယ်။
ဆန္ဒပြ ကျောင်းသားတွေထဲမှာ အေးအေးချမ်းချမ်း စုဝေးချီတက်သူတွေ ရှိသလို ကျောင်းအဝင်ပေါက်တွေ၊ လမ်းတွေကို ပိတ်ဆို့တာ၊ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာမျိုး ရမ်းကားတဲ့ နည်းလမ်းတွေ အသုံးပြုသူတွေလည်း ရောနှော ပါဝင်နေပါတယ်။
ပြင်သစ် လူ့အခွင့်အရေး အဖွဲ့ချုပ် (LDH)ကတော့ အသက်မပြည့်သေးတဲ့ ကျောင်းသားလူငယ် အများစု ပါဝင်တဲ့ ဆန္ဒပြမှုတွေကို ကိုင်တွယ်ရာမှာ ဖြစ်သင့်တာထက် ပိုကြမ်းတမ်းတဲ့ နည်းလမ်းတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အသုံးပြုနေကြောင်း စွပ်စွဲ ဝေဖန်ထားပါတယ်။
ကိုးကား: AFP



















































