အမေရိကန်မှာ နှစ်ကြိမ်တိုင် ဆေးထိုးပြီး ကွပ်မျက်ခံရပေမယ့် အသက်မသေတဲ့ သေဒဏ်ကျ အမျိုးသမီးဟာ အခုအခါ သတိပြန်လည်လာပြီး စကားပြောဆိုနိုင်တဲ့ အဆင့် ရောက်နေပြီလို့ သိရပါတယ်။
အသက် ၅၀ အရွယ် ခရစ္စတာ ပိုက်ခ်ဟာ ဆယ်ကျော်သက် အရွယ် ၁၉၉၅ ခုနှစ်တုန်းက မိန်းကလေး တစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်မှုအတွက် သေဒဏ် ချမှတ် ခံခဲ့ရပါတယ်။ သူ့ရဲ့ ကြံရာပါ နှစ်ဦးထဲမှာ တစ်ဦးကတော့ ကျူးလွန်ချိန် အသက်မပြည့်သေးလို့ ထောင်ဒဏ်တစ်သက် ချမှတ်ခံရပြီး နောက်တစ်ဦးကတော့ အစိုးရ သက်သေအဖြစ် ထွက်ဆိုပေးဖို့ လက်ခံခဲ့တဲ့အတွက် ပြစ်ဒဏ် လျော့သွားခဲ့ပါတယ်။
ကောလင်း ဆလမ်မာကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့တဲ့ ပိုက်ခ်ဟာ တင်နက်ဆီ ပြည်နယ်ရဲ့ အဆိုးဆုံး ရာဇဝတ်ကောင် တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူဟာ ငယ်ဘဝတုန်းက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရဖူးတာ၊ မိဘတွေရဲ့ စွန့်ပစ်ခံရတာနဲ့ တခြား စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကြုံတွေ့ခဲ့ဖူးတာကြောင့် ငဲ့ညှာပေးဖို့ ရှေ့နေတွေရဲ့ လျှောက်လဲချက်ကို တရားရုံးက ပယ်ချပြီး သူ့ကို သေဒဏ် ချမှတ်ခဲ့ပါတယ်။
နှစ်ပေါင်း ၃၀ လောက် ကြာမြင့်ပြီးတဲ့နောက် စက်တင်ဘာ ၃၀ ရက်နေ့က တင်နက်ဆီမှာရှိတဲ့ အကျဉ်းထောင်ကြီး တစ်ခုမှာ ပိုက်ခ်ကို လက်တွေ့ သေဒဏ် စီရင်ခဲ့ပါတယ်။ သေဆုံးစေတဲ့ ဓာတုဆေးဝါးတွေ သူ့ရဲ့ သွေးကြောထဲ နှစ်ကြိမ်ထိုးသွင်းပြီးတဲ့ထိ ပိုက်ခ်ဟာ သေဆုံးမသွားဘဲ မျက်လုံးကြီး ဖွင့်လျက်သားနဲ့ ဟောက်သံတွေ ထွက်နေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အဲဒီနောက်မှာတော့ အထမမြောက်တဲ့ သေဒဏ်စီရင်မှုအဖြစ် သတ်မှတ်ပြီး သူ့ကို ဆေးရုံပို့ဆောင်ခဲ့ပါတယ်။

Public Service Announcement
ပိုက်ခ်ဟာ အသက်လု ကုသမှုတွေ ခံယူခဲ့ရပြီး အသက်ရှူ အထောက်အပံ့စက် ventilator တပ်ဆင်ရတဲ့ထိ ဖြစ်ခဲ့ပြီး အခုတော့ ပြန်လည် ကျန်းမာစ ပြုလာပြီလို့ ဆိုပါတယ်။ သူ့ရဲ့ ရှေ့နေတွေနဲ့ ကျွမ်းကျင်သူတွေက အဲဒီအမျိုးသမီးရဲ့ သက်သာကောင်းမွန်လာမှုဟာ မကြုံစဖူး အခြေအနေမျိုးလို့ ပြောပါတယ်။ သူဟာ သေစေတဲ့ ဓာတုဆေးရည်တွေ ထိုးသွင်းခံရမှုတဲ့ ကွပ်မျက်မှုမှာ အသက်ရှင်ခဲ့တဲ့ တစ်ဦးတည်းသော လူပုဂ္ဂိုလ်လို့လည်း ယုံကြည်ရပါတယ်။
ပိုက်ခ်ရဲ့ ရှေ့နေတွေကတော့ နောက်ဆက်တွဲ ဘာတွေဖြစ်မလဲ ဆိုတာကို စောင့်ကြည့်ဖို့လိုကြောင်း၊ သူတို့ရဲ့ အမှုသည်ဟာ အပြည့်အဝ နာလန်ထဖို့ အကြာကြီး အချိန်ယူရမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဖို့ဒ်ဟမ်း ဥပဒေကျောင်းက မှုခင်းဗေဒ ပါမောက္ခ ဒီဘိုရာ ဒန်နိုကတော့ ပိုက်ခ်က သတိပြန်လည်လာပြီး စကားတောင် ပြောတယ် ဆိုတာက အရမ်းကို အံ့ဩစရာကောင်းကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
ဆေးထိုးကွပ်မျက်မှုတွေမှာ အသက်ရှင်သူ ၇ ဦး ရှိခဲ့ဖူးပေမယ့် အဲဒီဖြစ်စဉ် အားလုံးဟာ ပိုက်ခ်နဲ့ ကွဲပြားပြီး ဆေးထိုးအပ်က သွေးကြောထဲ သေချာ မဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ပိုက်ခ်ကတော့ သွေးကြောထဲကို ဓာတုအဆိပ်တွေ ထိုးသွင်းခံရပေမယ့် မသေတဲ့ တစ်ဦးတည်းသော အသက်ရှင်သူလို့ ဒန်နိုက ရှင်းပြပါတယ်။
တင်နက်ဆီ တရားရေးဌာန တာဝန်ရှိသူတွေကတော့ ပိုက်ခ်ကို နောက်တစ်ကြိမ် သေဒဏ်စီရင်ဖို့ အစီအစဉ် ရှိသလား ဆိုတာကို တိတိကျကျ မှတ်ချက် မပေးသေးပါဘူး။ ပြီးတော့ ဆေးထိုးကွပ်မျက်မှု လုပ်ငန်းစဉ်မှာ အမှားအယွင်း ဖြစ်ခဲ့သလား ဆိုတာကိုလည်း ရှင်းမပြသေးပါဘူး။ ပိုက်ခ်ရဲ့ ရှေ့နေတွေကတော့ လက်ရှိ အခြေအနေမှာ သူ့ရဲ့ သေဒဏ်ကို ပယ်ဖျက်စေပြီး ထောင်ဒဏ်တစ်သက် ပြစ်ဒဏ် ပြောင်းလဲသတ်မှတ်ပေးဖို့ အရေးဆိုလာနိုင်ခြေ ရှိနေပါတယ်။
အကျဉ်းသားကို ကွပ်မျက်ချိန်မှာ အပြင်းအထန် ဝေဒနာ ခံစားစေခဲ့ပြီး လက်တွေ့လည်း မအောင်မြင်ခဲ့တဲ့ ဖြစ်ရပ်က ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာစေပါတယ်။ အဲဒီနောက် တင်နက်ဆီ ပြည်နယ် အုပ်ချုပ်ရေးမှူး ဘီလ်လီက နှစ်ကုန်ပိုင်းထိ သေဒဏ်စီရင် ကွပ်မျက်မှု အားလုံးကို ဆိုင်းငံ့ထားစေဖို့ ညွှန်ကြားခဲ့ပါတယ်။ ပြည်နယ်ရဲ့ အကျဉ်းဦးစီး အရာရှိကတော့ ရာထူးကနေ တာဝန်ယူ နုတ်ထွက်မယ်လို့ ကြေညာထားပါတယ်။
ပိုက်ခ်ဟာ လူသတ်မှုကို ကျူးလွန်ခဲ့တုန်းက အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ သူနဲ့ အဲဒီတုန်းက ချစ်သူ အမျိုးသား တက်ဒရဲလ်ရှစ်ပ်တို့ဟာ အသက် ၁၉ နှစ်အရွယ် ဆလမ်မာကို နာရီဝက်လောက်ကြာအောင် မျိုးစုံညှင်းပန်း နှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ပိုက်ခ်ဟာ သေဆုံးသူရဲ့ ဦးခေါင်းခွံ အစအန တစ်ခုကိုတောင် အမှတ်အရအဖြစ် ယူဆောင်လာပြီး အကြာကြီး ဝှက်ထားခဲ့ပါသေးတယ်။ သူဟာ အကျဉ်းကျခံနေရချိန် အတောအတွင်းမှာလည်း တခြားအကျဉ်းသူ တစ်ဦးကို ဖိနပ်ကြိုးနဲ့ လည်ပင်းညှစ်သတ်ဖို့ ကြိုးစားလို့ ပြစ်ဒဏ် တိုးခဲ့ပါသေးတယ်။
သေဆုံးသူ ဆလမ်မာရဲ့ မိသားစုကတော့ ပိုက်ခ်ကို သေဒဏ်စီရင် ကွပ်မျက်တာမျိုးကို လိုလားကြောင်း အတိအလင်း အသိပေးထားပါတယ်။
ကိုးကား: BBC



















































