ပြည်တွင်းမှာ တီထွင်ထုတ်လုပ်ထားတဲ့ ပထမဆုံး ဟိုက်ပါဆောနစ် ဒုံးကျည်ကို တောင်ကိုရီးယားက စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရပါတယ်။
ဟိုက်ပါဆောနစ် ဆိုတာဟာ အသံထက် အနည်းဆုံး ငါးဆ ပိုမြန်တဲ့နှုန်းကို ဆိုလိုတာပါ။ ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ အင်မတန် မြန်ရုံသာ မကဘဲ ရန်သူ့လေကြောင်းကာကွယ်ရေး လက်နက်တွေကို ရှောင်ကွင်းနိုင်အောင်ပါ ဒီဇိုင်းထုတ်ထားလေ့ ရှိပါတယ်။
တောင်ကိုရီးယားဟာ စစ်ပွဲရဲ့ အနိုင်အဆုံးကို အဆုံးအဖြတ် ပေးနိုင်လောက်အောင် ထိရောက် အရေးပါတဲ့ မဟာဗျူဟာ စစ်လက်နက်တွေ ပိုင်ဆိုင်ဖို့ ကြိုးစားနေကြောင်း ကြွေးကြော်ထားပြီး ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ကိုယ်တိုင် ထုတ်လုပ်နိုင်ခြင်းဟာ အဲဒီရည်မှန်းချက်နဲ့ ပိုမို နီးစပ်လာစေမှာ ဖြစ်ပါတယ်။
အောက်တိုဘာ ၈ ရက်နေ့တုန်း ဒုံးကျည်လက်တွေ့ စမ်းသပ် ပစ်ခတ်မှု အစီအစဉ်ကို တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ကိုယ်တိုင် တက်ရောက် စောင့်ကြည့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကိုယ်ပိုင် ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့တဲ့ ပြိုင်ဘက် မြောက်ကိုရီးယားကတော့ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ကတော့ ဂျပန်ပင်လယ်ထဲကို ကျရောက်သွားခဲ့ပါတယ်။

Public Service Announcement
တောင်ကိုရီးယား စစ်တပ်ဟာ တောင်ပိုင်း ချောင်ချွန်းပြည်နယ်ထဲက တာအန်မြို့မှာရှိတဲ့ ဒုံးကျည်စမ်းသပ် စခန်းကနေ ဟိုက်ပါဆောနစ် ဒုံးကျည် ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဒုံးကျည် အမျိုးအစားနဲ့ သတ်မှတ်ထားတဲ့ ကုတ်ဒ်နာမည်တွေကိုတော့ တောင်ကိုရီးယားက တရားဝင် မထုတ်ပြန်သေးပါဘူး။
တောင်ကိုရီးယား စစ်တပ်ရဲ့ အဆိုအရ ဟိုက်ပါဆောနစ် ဒုံးကျည်ဟာ သတ်မှတ်အမြင့် အရောက်မှာ အားဖြည့် တွန်းကန်စနစ်ကနေ ခွာထွက်သွားပြီး ထောင်လိုက်ရော၊ ဘေးတိုက်ပါ လမ်းကြောင်းပြောင်း ပျံသန်းမှုတွေ ပြုလုပ်ခဲ့ပြီး သတ်မှတ်ထားတဲ့ ပစ်မှတ်ကို တိတိကျကျ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
သမ္မတ လီဟာ ဒုံးကျည် စမ်းသပ်မှုကို ကိုယ်တိုင် ကြည့်ရှုခဲ့တဲ့နောက် တောင်ကိုရီးယားဟာ ကိုယ့်လုံခြုံရေးအတွက် ကိုယ်စွမ်းကိုယ်စကိုပဲ အားကိုးရမှာ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ သူဟာ နိုင်ငံရဲ့ အစွမ်းအထက်ဆုံး တိုက်ချင်းပစ် ဒုံးကျည်လက်နက်လို့ ဆိုနိုင်တဲ့ Hyunmoo-5ကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။ Hyunmoo-5နဲ့ အခုစမ်းသပ်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တို့ကြားမှာ ဆက်စပ်မှု မရှိပါဘူး။
ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ လက်ရှိ ကမ္ဘာပေါ်မှာ အသုံးပြုနေတဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေက ကြားဖြတ်ဟန့်တား ပစ်ချလို့ မရနိုင်တဲ့ စစ်လက်နက် နည်းပညာအဖြစ် ရည်ညွှန်းခံထားရပြီး အမေရိကန်၊ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား၊ ဂျပန်စတဲ့ နိုင်ငံတွေက အဲဒီဒုံးကျည်တွေ တီထွင်မှု၊ လက်တွေ့တည်ဆောက်မှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေပါတယ်။
ကိုးကား: AP



















































