ရတနာ ရေးသားသည်။
“အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံသား ၃၇ သန်းကျော်၊ နိုင်ငံလူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းအထိ ဆင်းရဲမွဲတေမှုထဲ နစ်မြုပ်လာပါတယ်။”
ဒီကိန်းဂဏန်းဟာမြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ဘယ်လောက်အထိ နက်ရှိုင်းလာနေပြီလဲဆိုတာကို ဖော်ပြနေတဲ့ အချက်အလက်တစ်ခုပါ။လူသုံးဦးမှာ နှစ်ဦးကျော်ဟာ ဆင်းရဲမွဲတေမှုကိုပုံစံမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်၊ဒါမှမဟုတ် အဲဒီအခြေအနေထဲ ကျရောက်သွားနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ် ဆိုတာ ဖြစ်ပါတယ်။
ပိုပြီးစိုးရိမ်စရာကလူတွေဟာဝင်ငွေနည်းပါးရုံသာမကစားဝတ်နေရေး၊ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံဝန်ဆောင်မှုတွေပါ တစ်ပြိုင်နက်တည်းဆုံးရှုံးလာနေကြခြင်းဖြစ်ပါတယ်။ ဒီနေ့ အသက်ရှင်ရပ်တည်ဖို့တောင်ခက်ခဲနေတဲ့ မိသားစုတွေအတွက် မနက်ဖြန်ကို မျှော်လင့်နိုင်ဖို့ ဘယ်လောက်အထိ ခက်ခဲလာပြီလဲဆိုတာကိုကုလသမဂ္ဂရဲ့အစီရင်ခံစာက ထင်ထင်ရှားရှား ဖော်ပြနေပါတယ်။

Public Service Announcement
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)က ၂၀၂၆ ခုနှစ်၊အောက်တိုဘာ ၈ ရက်မှာထုတ်ပြန်ခဲ့တဲ့“ချို့တဲ့မှုအလွှာပေါင်းစုံ-မြန်မာနိုင်ငံ၏ ဘက်ပေါင်းစုံဆင်းရဲမွဲတေမှု (Layers of Deprivation: Multidimensional Poverty in Myanmar)”အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ဘက်စုံဆင်းရဲမွဲတေမှု အခြေအနေကို အလေးအနက် ထောက်ပြထားပါတယ်။
နှစ်ရှည်ကြာမြင့်လာတဲ့ပဋိပက္ခတွေ၊အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေ၊စီးပွားရေးမတည်ငြိမ်မှုနဲ့ ရာသီဥတုဘေးအန္တရာယ်တွေကြောင့် သန်းပေါင်းများစွာသော ပြည်သူတွေဟာ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ တစ်ပြိုင်နက်တည်း ပြိုလဲလာတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွား နေသလို နိုင်ငံရဲ့ စီးပွားရေးအခြေအနေ မတည်ငြိမ်မှု၊ ထပ်ခါတလဲလဲ ဖြစ်ပွားတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ၂၀၂၅ ခုနှစ်၊ မတ်လက ပြင်းထန်စွာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကလည်း ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုးတွေ ထပ်ဆင့်တင်နေပါတယ်။
UNDP ရဲ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ကန်နီ ဝိညာရာဂျာ (Kanni Wignaraja)ကမြန်မာနိုင်ငံဟာနိုင်ငံတကာသတင်းခေါင်းစဉ်တွေမှာ ပါဝင်မှုနည်းလာနိုင်ပေမဲ့ ပြည်သူသန်းပေါင်း များစွာရဲ့ အခက်အခဲတွေကတော့ ပိုမိုနက်ရှိုင်းလာနေဆဲဖြစ်ကြောင်း ပြောကြားထားပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ စစ်ပွဲဟာ ပြည်သူတွေရဲ့ ဘဝကိုသာမက နိုင်ငံရဲ့ အခြေခံလူမှုစီးပွားရေးအင်အားကိုပါ ယိုယွင်းစေနေကြောင်း သူက ထောက်ပြထားပါတယ်။
အကျပ်အတည်းရဲ့အနက်အရှိုင်းကို ပိုမိုနားလည်ဖို့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အချက်တစ်ခုကို ကြည့်ရပါမယ်။ မြန်မာနိုင်ငံရဲ့ ဘက်ပေါင်းစုံဆင်းရဲမွဲတေမှုမှာ ကျန်းမာရေးနဲ့ လူနေမှုအဆင့်အတန်း ဆိုင်ရာ ချို့တဲ့မှုတွေက ၈၀ ရာခိုင်နှုန်းကျော်အထိ လွှမ်းမိုးနေပါတယ်။ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်း၊ သင့်တော်တဲ့အိုးအိမ်မရှိခြင်း၊သန့်ရှင်းတဲ့သောက်ရေနဲ့ သန့်ရှင်းရေးစနစ် မရရှိခြင်း၊ အခြေခံဝန်ဆောင်မှုတွေကို လက်လှမ်းမမီခြင်းတို့ဟာ အဓိကပြဿနာတွေဖြစ်ပြီး ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ ပိုမိုဆိုးရွားနေပါတယ်။
ဒီအခြေအနေဟာဝင်ငွေနည်းပါးမှုတစ်ခုတည်းနဲ့ ရှင်းပြလို့မရပါဘူး။မိသားစုတွေ အကျပ်အတည်းကို ရင်ဆိုင်နိုင်ဖို့ အားကိုးခဲ့ရတဲ့ စုဆောင်းငွေတွေ ကုန်ဆုံးလာတယ်၊ တည်ငြိမ်တဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပျောက်ဆုံးလာတယ်၊ လူမှုရေးအကူအညီကွန်ရက်တွေလည်းအားနည်းလာတယ်။
အလုပ်တစ်ခု ဆုံးရှုံးသွားတဲ့အခါ ခဏတာတောင့်ခံနိုင်ဖို့ စုဆောင်းငွေမရှိတော့သလို မိသားစုဝင် တစ်ယောက် နေမကောင်းဖြစ်တဲ့အခါဆေးကုသဖို့တောင်မတတ်နိုင်တဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။
အကျပ်အတည်းတစ်ခုကို ဖြေရှင်းဖို့ ကြိုးစားနေချိန်မှာ နောက်ထပ်အကျပ်အတည်းတစ်ခု ထပ်မံရောက်လာခြင်းက မိသားစုတွေ ပြန်လည်ရပ်တည်နိုင်မယ့် အခြေခံကိုပါ ပျက်စီးစေပါတယ်။
ဆင်းရဲမွဲတေမှုရဲ့ ပြင်းထန်မှုဟာ ဒေသတစ်ခုနဲ့တစ်ခု မတူညီပါဘူး။ အချို့ဒေသတွေမှာ ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှုနဲ့ အခြေခံဝန်ဆောင်မှုတွေ လက်လှမ်းမမီခြင်းက အဓိကအကြောင်းရင်းဖြစ်ပြီး အခြားဒေသတွေမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ ပညာရေး၊ အခြေခံအဆောက်အအုံနဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေ ရေရှည်အားနည်းနေခြင်းကပြည်သူတွေကိုဆင်းရဲမွဲတေမှုထဲတွန်းပို့နေပါတယ်။
ရခိုင်ပြည်နယ်ဟာ ဘက်ပေါင်းစုံဆင်းရဲမွဲတေမှု အဆိုးရွားဆုံးဒေသတွေထဲက တစ်ခုဖြစ်ပြီး လူဦးရေရဲ့ သုံးပုံနှစ်ပုံကျော် ဆင်းရဲမွဲတေနေကြသလို သုံးပုံတစ်ပုံနီးပါးက အလွန်အမင်း ဆင်းရဲမွဲတေနေကြပါတယ်။ဒါ့အပြင် ဖုန်းမှတစ်ဆင့် အချက်အလက်ကောက်ယူခဲ့ရတာကြောင့် နိုင်ငံမဲ့များနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူအချို့ရဲ့ ချို့တဲ့မှုအခြေအနေတွေကို အစီရင်ခံစာမှာ အပြည့်အဝ မဖော်ပြနိုင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရတဲ့ အသိုင်းအဝိုင်းတွေရဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟောင်း ဇိတ်ရာအဒ်အယ်လ်ဟူစိန် (Zeid Ra’ad Al Hussein) က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို “လူမျိုးစုရှင်းလင်းဖယ်ရှားမှုရဲ့ ထင်ရှားတဲ့ နမူနာ” (Textbook Ethnic Cleansing) လို့ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဒါကြောင့် ဆင်းရဲမွဲတေမှုဆိုင်ရာ စာရင်းအင်းတွေထဲမှာ ရိုဟင်ဂျာတွေရဲ့ အခြေအနေကို အပြည့်အဝ ထည့်သွင်းဖော်ပြနိုင်ခြင်း မရှိခဲ့ပေမဲ့ သူတို့ရင်ဆိုင်နေရတဲ့ ဒုက္ခတွေနဲ့ ဆုံးရှုံးမှုတွေဟာ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။
တစ်ဖက်မှာလည်း ဆင်းရဲမွဲတေမှုဟာ ကျေးလက်ဒေသတွေမှာသာ အဓိကဖြစ်ပွားတယ်ဆိုတဲ့ အယူအဆကို အစီရင်ခံစာက ပြန်လည်စဉ်းစားစေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ဆင်းရဲမွဲတေမှုနှုန်းဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ ပြည်နယ်အချို့ထက် နည်းပါးပေမဲ့ ဘက်ပေါင်းစုံ ဆင်းရဲမွဲတေနေသူ အရေအတွက် အများဆုံးရှိတဲ့ ဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။ မြို့ပြမှာ နေထိုင်ခြင်းက အလုပ်အကိုင်နဲ့ အခြေခံဝန်ဆောင်မှုတွေ လုံလောက်စွာရရှိဖို့အာမခံချက်မဟုတ်ပါဘူး။ဝင်ငွေမလိုက်နိုင်တဲ့ ကုန်ကျစရိတ်တွေကြားမှာ မိသားစုတွေဟာ အလွယ်တကူ အကျပ်အတည်းထဲ ကျရောက်နိုင်ပါတယ်။
ရာသီဥတုဘေးအန္တရာယ်တွေကလည်း ဒီအခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။ မြန်မာနိုင်ငံရှိ အိမ်ထောင်စုငါးစုလျှင် တစ်စုနီးပါးဟာ ရေကြီးမှု၊ မုန်တိုင်း၊ မိုးခေါင်ရေရှားမှုနဲ့ မြေပြိုမှုတို့လို ရာသီဥတုဆိုင်ရာ အန္တရာယ်တွေကို ရင်ဆိုင်နေရပြီး အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အဆိုပါဘေးအန္တရာယ်တွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။ ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်ပိုင်းမှာ လူဦးရေ ၆၀၀,၀၀၀ နီးပါး ရေကြီးရေလျှံမှုဒဏ် ခံခဲ့ရပါတယ်။
ရေကြီးမှုတစ်ကြိမ်ကြောင့်အိမ်၊ သီးနှံနဲ့ လုပ်ငန်းသုံးပစ္စည်းတွေ ဆုံးရှုံးသွားတဲ့ မိသားစုတွေအတွက် ပြန်လည်ထူထောင်ရေးဟာ နောက်ထပ်ကုန်ကျစရိတ်တစ်ခု ဖြစ်လာပါတယ်။ စုဆောင်းငွေ မရှိတော့တဲ့အခါ ဘေးအန္တရာယ်တစ်ခုဟာ ဆင်းရဲမွဲတေမှုထဲ ပိုမိုနက်ရှိုင်းစွာ တွန်းချနိုင်ပါတယ်။
အဲဒီအပေါ် ပင်လယ်ကွေ့စစ်ပွဲဆိုင်ရာ အကျပ်အတည်းတွေနဲ့ ဆက်စပ်တဲ့ ပြင်ပစီးပွားရေး ရိုက်ခတ်မှုတွေ၊ စက်သုံးဆီဈေးနှုန်းနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှု၊ အစားအသောက်စရိတ် ကြီးမြင့်လာမှုတို့ကလည်း ပြည်သူတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို ပိုမိုတိုးစေပါတယ်။ ဝင်ငွေမတိုးဘဲ အခြေခံအသုံးစရိတ်တွေ မြင့်တက်လာတဲ့အခါမိသားစုတွေဟာ အစားအသောက်၊ ကျန်းမာရေးနဲ့ ပညာရေးအတွက် သုံးစွဲနိုင်တဲ့ငွေကို ထပ်မံလျှော့ချရနိုင်ပါတယ်။
လူငယ်တွေ နိုင်ငံကနေ ထွက်ခွာသွားခြင်းဟာ လူဦးရေလျော့နည်းသွားတာတစ်ခုတည်း မဟုတ်ပါဘူး။သူတို့နဲ့အတူ ပညာရေး၊ ကျွမ်းကျင်မှု၊ လုပ်အားနဲ့ နိုင်ငံအနာဂတ်အတွက် အကျိုးပြုနိုင်မယ့် စွမ်းရည်တွေပါ ဆုံးရှုံးသွားနိုင်ပါတယ်။UNDP ရဲ့ ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်ကစပြီး လူငယ်တစ်သန်းခန့် အနည်းဆုံး နိုင်ငံကနေ ထွက်ခွာသွားခဲ့နိုင်တာဟာ မြန်မာနိုင်ငံရဲ့ နောင်နှစ်ပေါင်းများစွာ အထိ သက်ရောက်မယ့် လူသားဖွံ့ဖြိုးမှုဆိုင်ရာ ဆုံးရှုံးမှုဖြစ်ပါတယ်။
နေ့စားလုပ်ငန်းတွေကို မှီခိုနေရတဲ့ အိမ်ထောင်စုတွေရဲ့ အခြေအနေကလည်း အထူးစိုးရိမ်စရာ ဖြစ်ပါတယ်။ အဲဒီအိမ်ထောင်စုအများစုဟာ ဘက်ပေါင်းစုံဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရပြီး ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပဋိပက္ခဒေသတွေက မိသားစုတွေဟာလည်း အဆိုးရွားဆုံး အခြေအနေတွေ ထဲမှာ ပါဝင်နေကြပါတယ်။ နေ့စဉ်အလုပ်ရမှသာ ဝင်ငွေရရှိတဲ့ မိသားစုတွေအတွက် အလုပ်မရတဲ့ တစ်ရက်ဟာ စားဝတ်နေရေးကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင့်တော်တဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ဖန်တီးပေးခြင်း၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေလက်လှမ်းမီစေခြင်း၊အခြေခံဝန်ဆောင်မှုတွေနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးကို အားကောင်းစေခြင်း တို့ဟာ အရေးတကြီး လိုအပ်နေပါတယ်။
ကန်နီ ဝိညာရာဂျာက မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအန္တရာယ်ဟာ ဒီနေ့ ဆင်းရဲမွဲတေမှု ပိုမိုနက်ရှိုင်းလာခြင်းတင်မကဘဲ မနက်ဖြန်အတွက်အခွင့်အလမ်းတွေပါ ကျဉ်းမြောင်းလာခြင်း ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။ လူ့အဖွဲ့အစည်း ပြန်လည်ထူထောင်ရေးကို ပဋိပက္ခပြီးဆုံးတဲ့ အထိ စောင့်ဆိုင်းနေလို့ မရကြောင်းနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ပညာရေး၊ကျန်းမာရေး စောင့်ရှောက်မှု၊ ဒေသတွင်းဈေးကွက်တွေနဲ့ အခြေခံဝန်ဆောင်မှုတွေမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ နိုင်ငံရဲ့ ပြန်လည်ကုစားရေးအတွက် လိုအပ်တဲ့ လူသားစွမ်းရည်တွေကို ထိန်းသိမ်းဖို့ မရှိမဖြစ် လိုအပ်ကြောင်းလည်း သူက အလေးပေးပြောကြားထားပါတယ်။
မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို ကိန်းဂဏန်းတစ်ခုအဖြစ်သာ ကြည့်နေရမယ့်အချိန် မဟုတ်တော့ပါဘူး။ လူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းဟာ အကျပ်အတည်းအလွှာပေါင်းများစွာကြားမှာ ရပ်တည်နေရပြီး လူငယ်တစ်သန်းခန့်ဟာ အနာဂတ်ရှာဖွေရင်း နိုင်ငံကနေ ထွက်ခွာသွားခဲ့နိုင်တယ်ဆိုတဲ့ အချက်တွေက ပြဿနာရဲ့ အနက်အရှိုင်းကို ဖော်ပြနေပါတယ်။ ဆင်းရဲမွဲတေမှုကို မကုစားနိုင်ရင်ဒီနေ့ရဲ့ ဝင်ငွေ ဆုံးရှုံးမှုတွေဟာ မနက်ဖြန်ရဲ့ ပညာရေးဆုံးရှုံးမှု၊ ကျန်းမာရေးချို့တဲ့မှုနဲ့ လူသားအရင်းအနှီး ဆုံးရှုံးမှုတွေ အဖြစ် ဆက်လက်ပြောင်းလဲသွားနိုင်ပါတယ်။
ဆင်းရဲမွဲတေမှုရဲ့ အဆိုးရွားဆုံးအခြေအနေဆိုတာ လူတစ်ယောက်မှာ ပိုက်ဆံမရှိတော့တာတင် မဟုတ်ပါဘူး။ ဘဝကို ပြန်လည်တည်ဆောက်ဖို့လိုအပ်တဲ့ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေးနဲ့ အခွင့်အလမ်းတွေပါ ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ ပြိုလဲနေတဲ့ လူ့ဘဝတွေကို ပြန်လည်မထူထောင်နိုင်ရင် မနက်ဖြန်မှာ ဆုံးရှုံးရမယ့်အရာဟာ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်း နဲ့ ပစ္စည်းဥစ္စာတွေတင်မကဘဲ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ပါ ဖြစ်လာပါလိမ့်မယ်။
ကိုးကား – ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ Layers of Deprivation: Multidimensional Poverty in Myanmar
သတင်းရင်းမြစ် – UN News



















































