အစ္စရေး ခရီးသည် အများစု လိုက်ပါလာတဲ့ လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်မှုမှာ တိုက်ခိုက်သူဟာ အစ္စရေးရဲ့ အကြီးဆုံး နိုင်ငံတကာ လေဆိပ်ထဲ လေယာဉ်ကို ထိုးဆင်းပြီး ဖောက်ခွဲဖို့ ကြံစည်ထားခဲ့ကြောင်း စုံစမ်းရေး အရာရှိတွေက ပြောကြားခဲ့ပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့က အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံရဲ့ Flydubai လေကြောင်းပိုင် ခရီးစဉ်အမှတ် FZ1073 လေယာဉ်ဟာ ယူအေအီးရဲ့ ဒူဘိုင်းမြို့ကနေ အစ္စရေးရဲ့ တဲလ်အဗစ်ဗ်မြို့ကို ဦးတည် ပျံသန်းနေတုန်း အနုကြမ်းစီးဖို့ အားထုတ်မှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ပါတယ်။
တွဲဖက်လေယာဉ်မှူး ဖြစ်သူဟာ လေယာဉ်မှူးခန်းထဲမှာ အရေးပေါ် အခြေအနေတွေအတွက် အသုံးပြုဖို့ ထားရှိတဲ့ ပုဆိန်ကိုယူပြီး လေယာဉ်မှူးကို တိုက်ခိုက်ခဲ့တဲ့နောက် လေယာဉ်ကို ပေပေါင်း ၁၇၀၀၀ လောက်ထိ ရုတ်တရက် စိုက်ဆင်းစေခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်မှူး ဖြစ်သူက အခန်းတံခါးကို ရအောင် ကြိုးစားဖွင့်ပေးခဲ့ပြီး ခရီးသည်တွေက ဝိုင်းဝန်းကူညီမှုကြောင့် တွဲဖက်လေယာဉ်မှူးကို ဖမ်းဆီးနိုင်ခဲ့သလို လေယာဉ် အပိုင်စီးမှု အထမမြောက်ခဲ့ပါဘူး။ လေယာဉ်ကိုတော့ ဆော်ဒီအာရေးဘီးယားမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ အစ္စရေး နိုင်ငံသား အများစု အပါအဝင် ခရီးသည် ၁၇၂ ဦး၊ အမှုထမ်း ၈ ဦး လိုက်ပါလာတဲ့ လေယာဉ်မှာ လေယာဉ်မှူးကလွဲလို့ ကြီးကြီးမားမား ဒဏ်ရာရသူ မရှိခဲ့ပါဘူး။
အဲဒီဖြစ်စဉ်အပြီးမှာတော့ ယူအေအီးက စုံစမ်းစစ်ဆေးမှုတွေကို ဦးဆောင်ခဲ့ပြီး အစ္စရေး ထောက်လှမ်းရေးက ကူညီ ပံ့ပိုးခဲ့ပါတယ်။ အောက်တိုဘာ ၉ ရက်နေ့မှာတော့ ယူအေအီး အမှုစစ်တွေက အချက်အလက် အသစ်တွေကို ထုတ်ပြန်ရာမှာ တွဲဖက်လေယာဉ်မှူးဖြစ်သူ အိုမန်နိုင်ငံသား ဟမ်မမ် အယ်လ်ဟမ်မမ်မီဟာ လေယာဉ်ကို အပိုင်စီးပြီးရင် ၂၀၀၁ ခုနှစ်တုန်းက အမေရိကန်မှာ ဖြစ်ပွားခဲ့တဲ့ 9/11 အကြမ်းဖက်မှုပုံစံ တိုက်ခိုက်မှုမျိုး ကျူးလွန်ဖို့ ရည်ရွယ်ထားခဲ့ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement
သူ့ရဲ့ ပစ်မှတ်ဟာ အစ္စရေးရဲ့ အကြီးဆုံး နိုင်ငံတကာ လေဆိပ်ဖြစ်တဲ့ ဘင်ဂူရီယန် လေဆိပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ တဲလ်အဗစ်ဗ်မှာ ရှိနေတဲ့ လေဆိပ်ထဲကို သူက ထိုးဆင်းပြီး လူ့အသက်တွေ များများ သတ်နိုင်သမျှ သတ်ပစ်ဖို့ အသက် ၂၉ နှစ်အရွယ် တွဲဖက်လေယာဉ်မှူးက ကြံစည်ထားခဲ့ကြောင်း ယူအေအီး အရာရှိတွေက ပြောကြားခဲ့ပါတယ်။
အခုအချက်အလက်တွေကို ယူအေအီး ရှေ့နေချုပ်ရုံးက တာဝန်ယူ ထုတ်ပြန်ပေးတာဖြစ်ပြီး Flydubai လေယာဉ် အနုကြမ်းစီးဖို့ အားထုတ်မှုနဲ့ ပတ်သက်ပြီး ကြေညာဖူးသမျှ သတင်းအချက်အလက်ပိုင်း အပြည့်စုံဆုံး ဖြစ်လာပါတယ်။ အယ်လ်ဟမ်မမ်မီဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အစ္စလာမ်မစ် အစွန်းရောက်ဝါဒတွေ သွတ်သွင်းမှုကိုလည်း ခံခဲ့ရကြောင်း ယူအေအီးက မှတ်ချက်ပေးထားပါတယ်။
လေယာဉ်ဟာ အနုကြမ်းစီး ခံရတဲ့ အချိန်မှာ ရုတ်တရက်ကြီး အန္တရာယ် ရှိလောက်အောင် စိုက်ဆင်းသွားခဲ့ပေမယ့် လေယာဉ်ပေါ်မှာ ပါလာတဲ့ တခြား အရန်လေယာဉ်မှူးတွေက ထိန်းချုပ်မောင်းနှင်ပြီး ဆော်ဒီမှာ အရေးပေါ် ဆင်းသက်ခဲ့ပါတယ်။
ယူအေအီး ရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ တွဲဖက်လေယာဉ်မှူးရဲ့ နာမည်ကို ထည့်သွင်းမထားပေမယ့် သူဘယ်သူလဲ ဆိုတာကိုတော့ မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ရေးသား ဖော်ပြနေကြပြီး ဖြစ်ပါတယ်။ သံသယ တရားခံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်တုန်းက ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ကျောင်းတက်နေချိန် ကတည်းက အစွန်းရောက် အကြမ်းဖက် ဝါဒရဲ့ စည်းရုံးသိမ်းသွင်းမှုတွေအောက် ကျရောက်သွားခဲ့ကြောင်း ယူအေအီး စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။
သူဟာ မွတ်ဆလင် ညီနောင်များအဖွဲ့ အပါအဝင် အဖွဲ့အစည်း တချို့နဲ့ ဆက်သွယ်မှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ အယ်လ်ဟမ်မမ်မီဟာ 9/11 အကြမ်းဖက်မှုရဲ့ လုပ်နည်းလုပ်ဟန်တွေအပေါ် အထူးနှစ်သက်ခဲ့ပြီး ပုံစံတူ တိုက်ခိုက်မှုမျိုး လုပ်ဆောင်ဖို့ အရမ်း စိတ်ဝင်တစား ရှိခဲ့တယ်လို့လည်း သိရပါတယ်။ သူက လေယာဉ်မှူး တစ်ဦးအဖြစ် အသက်မွေး လမ်းကြောင်းကို ရွေးချယ်ခဲ့ရာမှာလည်း အဲဒီ စိတ်ကူးက အဓိက တွန်းအားဖြစ်တယ်လို့ အယ်လ်ဟမ်မမ်မီက အမှုစစ်တွေဆီ ဝန်ခံခဲ့ပါတယ်။
ယူအေအီး ရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ အယ်လ်ဟမ်မမ်မီဟာ ဒီကိစ္စကို တစ်ကိုယ်တော် ကျူးလွန်ခဲ့တာလို့ အခိုင်အမာ ပြောဆိုနေပေမယ့်လည်း စုံစမ်းရေး အရာရှိတွေကတော့ ဆက်လက် မေးမြန်းစစ်ဆေးနေဆဲလို့ သိရပါတယ်။
ကိုးကား: New York Times



















































