မတူညီတဲ့ ခရုစ်ဒုံးကျည် အမျိုးအစား နှစ်ခုကို ရေငုပ်သင်္ဘော တစ်စင်းကနေ စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။
အစိုးရပိုင် KCNA သတင်းဌာနဟာ အောက်တိုဘာ ၁၄ ရက်နေ့ ပစ်လွှတ်ခဲ့တယ်ဆိုတဲ့ မဟာဗျူဟာ ခရုစ်ဒုံးကျည် စမ်းသပ်မှုတွေရဲ့ မှတ်တမ်းဓာတ်ပုံ တချို့ကိုပါ ထုတ်ပြလာခဲ့ပါတယ်။
ဒုံးကျည်တွေဟာ အရှေ့ပင်လယ်လို့ခေါ်တဲ့ ဂျပန်ပင်လယ်ဆီကို ဦးတည် ပျံသန်းခဲ့ပြီး ဒေသတွင်း ဘယ်အိမ်နီးချင်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုမှ ခြိမ်းခြောက်ထိပါးတာမျိုး မရှိခဲ့ဘူးလို့ KCNAက ဆိုပါတယ်။
ပြီးခဲ့တဲ့လက နှစ်နိုင်ငံ နယ်စပ်မှာ မြေမြှုပ်မိုင်း ပေါက်ကွဲပြီး တောင်ကိုရီးယား စစ်သား ၃ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးဟာ ပိုမို တင်းမာလာနေပါတယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်း ကိုရီးယား နှစ်နိုင်ငံစလုံးဟာ အဆင့်မြှင့်တင်ထားတဲ့ ဒုံးကျည်တွေကို အပြိုင်စမ်းသပ်ထားကြပါတယ်။

Public Service Announcement
အောက်တိုဘာ ၁၄ ရက်နေ့ ပစ်ခတ်မှုကတော့ ရေအောက်ကနေ စစ်ဆင်တိုက်ခိုက်နိုင်မှုနဲ့ ရွေ့လျားဖြန့်ကျက်နိုင်မှု စွမ်းရည်တွေကို မြောက်ကိုရီးယားက ရေတပ်က လက်တွေ့ ဆန်းစစ်ကြည့်တာ ဖြစ်တယ်လို့ KCNAက ဖော်ပြခဲ့ပါတယ်။
စမ်းသပ်မှု ရလဒ်အနေနဲ့ အဲဒီ တိုက်ခိုက်ရေး စွမ်းရည်ဟာ နိုင်ငံ လုံခြုံရေးကို ဖြည့်စွမ်းပေးဖို့ အမြဲတမ်း အသင့်အနေအထားနဲ့ ယုံကြည်စိတ်ချရမှု ရှိနေတယ်ဆိုတာ မြင်သာစေခဲ့ကြောင်း KCNAကလည်း ညွှန်းဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရေငုပ်သင်္ဘောတွေကနေ ဒုံးကျည် စမ်းသပ်မှုတချို့ လုပ်ဆောင်ခဲ့ပေမယ့် အဲဒီ နည်းပညာပိုင်းမှာ ဘယ်လောက်ထိ အဆင့်မြင့်နေသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ခရုစ်ဒုံးကျည် အများစုဟာ ဂျက်အင်ဂျင် တွန်းကန်စနစ်နဲ့ ခပ်နိမ့်နိမ့် ပျံသန်းလေ့ ရှိတာကြောင့် ရေဒါတွေနဲ့ ရှာဖွေထောက်လှမ်းဖို့၊ ကြားဖြတ်ပစ်ချဖို့ ခက်ခဲပါတယ်။ တကယ်လို့ မြောက်ကိုရီးယားရဲ့ ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်စွမ်းရည်ဟာ တိုက်ပွဲဝင်အဆင့် တကယ်ပဲ မှတ်ကျောက် အတင်ခံနိုင်တယ်ဆိုရင် ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပွားလာနိုင်ခြေရှိတဲ့ စစ်ရေးပဋိပက္ခတွေအတွက် အားကိုးရမယ့် လက်နက် ပလက်ဖောင်းမျိုး ဖြစ်နိုင်ကြောင်း စစ်လက်နက် ပါရဂူတွေက ယူဆထားပါတယ်။
KCNAက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာတော့ ပင်လယ်ရေအောက်ကနေ ဒုံးကျည်တစ်စင်း ထောင်လိုက် ထိုးတက်သွားတာကို တွေ့ရပြီး နောက်ထပ် ဓာတ်ပုံမှာတော့ ဒုံးကျည်တစ်စင်းဟာ ၄၅ ဒီဂရီ တိမ်းစောင်းပြီး ပျံတက်သွားနေပုံကို မြင်ခဲ့ရပါတယ်။
အဲဒီလို ပစ်လွှတ်မှုတွေဟာ ရည်ရွယ်ချက်ခြင်း ကွဲပြားတယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ ကိုရီးယား သင့်မြတ်ပေါင်းစည်းရေး အင်စတီကျုရဲ့ ပညာရှင် ဟွန်မင်းက ရှင်းပြခဲ့ပါတယ်။ ထောင့်မတ်ဆန်ဆန် ပစ်ခတ်မှုတွေမှာ ဒုံးကျည်ဟာ အမြင့်ကို ထိုးတက်သွားပြီးမှ ပစ်မှတ်ဆီ စိုက်ဆင်းသွားပြီး ပျံသန်းနိုင်တဲ့ အကွာအဝေးကို ချဲ့ထွင်နိုင်ကြောင်း၊ ခပ်စောင်းစောင်း ပစ်ခတ်မှုတွေမှာတော့ ဒုံးကျည်တွေက ခပ်နိမ့်နိမ့် ပျံသန်းပြီး လေကြောင်း ကာကွယ်ရေး စနစ်တွေ ကြားဖြတ် ဟန့်တားဖို့ ပိုခက်လေ့ရှိကြောင်း သူက ဆိုပါတယ်။ မြောက်ကိုရီးယားဟာ အဲဒီပစ်လွှတ်မှု ပုံစံနှစ်ခုစလုံးကို ကောင်းကောင်း ကိုင်တွယ်နိုင်စွမ်း ရှိနေပြီဆိုရင် အရေးပါတဲ့ နည်းစနစ်ပိုင်း ဖြည့်တင်းမှု ဖြစ်လိမ့်မယ်လို့လည်း သူက ပြောကြားသွားပါတယ်။
ကိုးကား: AFP

















































