Connect with us

Hi, what are you looking for?

သတင်း

စစ်​​အုပ်စုရဲ့ CI မလုပ်ရေးကမ်ပိန်းထိုင်းရောက်မြန်မာလုပ်သားအများအပြားပါဝင်

စစ်အုပ်စုဖွင့်ထားတဲ့ CI စခန်းလာလုပ်သူမရှိဟုဆို

(CI မလုပ်​ရေးအပါအဝင် အချက်​လေးချက်ကို ထိုင်း​ရောက်မြန်မာအလုပ်သမား​တွေ​တောင်းဆိုကြစဥ်။ဓါတ်ပုံ-MMWRCCT)

အောက်တိုဘာ-၁၈၊၂၀၂၆။နေ့သစ်/People’s Spring

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားအများအပြားဟာ စစ်အုပ်စုကထုတ်ပေး​နေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI)မလုပ်ရေး လှုံ့ဆော်တဲ့ကမ်ပိန်း ဒီကနေ့မှာစတင်ပြုလုပ်နေပြီး မြန်မာလုပ်သားအများအပြားပါဝင်နေကြပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားများတွေအရေး ကူညီပေးနေသူတွေက ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT)ဆိုပြီး ဖွဲ့စည်းပြီးနောက် CI စာအုပ်မလုပ်ရေးနဲ့ပတ်သက်ပြီးအချက်(၄)ချက်ပါတဲ့တောင်းဆိုလှုပ်ရှားမှုစတင်ခဲ့တာဖြစ်ပါတယ်။

CI မလုပ်ရေး၊ CI Passport မလိုဘဲပန်းရောင်ဘတ်ကတ်နှင့် Workpermit တွဲပြီး ထိုင်းနိုင်ငံအတွင်းနေထိုင်အလုပ်လုပ်ခွင့်ရရှိရေး၊ Visa မရှိဘဲ Workpermit သက်တမ်းတိုးခွင့်ရရှိရေးနဲ့ Workpermit နဲ့တွဲပြီး ပန်းရောင်ဘတ်ဖြင့် Visa ထုတ်ပေးနိုင်ရေး စတဲ့အချက် ၄ချက်ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်နေ့မှာ ထိုင်းရောက်မြန်မာလုပ်သားတွေ အများအပြား လှုပ်ရှားမှုမှာပါတင်လာနေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုရဲမင်းက ပြောပါတယ်။

“အခုကလုပ်သားတွေဘယ်လောက်ပါလာမလဲဆိုပြီး ကမ်ပိန်းလုပ်နေတာ။ လောလောဆယ် သိန်းချီပါလာပြီ။ ဒီနေ့က အလုပ်ပိတ်ရက်ဆိုတော့ ပိုများလာတယ်။ ဒါထက်မကသေးဘူး။ CI မလုပ်ရေးကို ရှေ့ဆက်လုပ်နိုကင်အောင်ကြိုးစားသွားမယ်”လို့ကိုရဲမင်းက ပြောပါတယ်။

ဒီကနေ့မှာထိုင်းနိုင်ငံအနှံရောက်​နေတဲ့မြန်မာလုပ်သားတွေကCI စာအုပ်မလုပ်ရေး တောင်းဆိုထားတဲ့ အချက် (၄)ချက်ပါ ဗီနိုင်းတွေကိုင်ဆောင်ပြီး သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာအသီးသီးဖော်ပြနေကြတာဖြစ်ပါတယ်။

CIထုတ်ပေးတာဟာ ထိုင်းအစိုးရနဲ့ သက်ဆိုင်မှုမရှိဘဲမြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုပေးတဲ့ စာအုပ်သာဖြစ်တဲ့အတွက် ကောက်ခံတဲ့ CI စာအုပ်တန်ဖိုးကြေးကလည်း စစ်ကောင်စီသာရရှိမှာဖြစ်ပါတယ်။ ‌ ဒါကြောင့် စစ်ကောင်စီက ​​ငွေရဖို့အတွက် CI စခန်းတွေ ဖွင့်ချင်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအရေးဆောင်ရွက်နေသူတွေကလည်း မြန်မာလုပ်သားတွေကို ပန်းရောင်းကတ် တစ်မျိုးတည်းနဲ့သာ နေထိုင်၊လုပ်ကိုင်ခွင့်ပြုပေးဖို့ ထိုင်းအစိုးရထံမကြာခဏတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အခု CI လုပ်ရမယ့်အလုပ်သမားတွေဟာ လူအဟောင်းတွေမဟုတ်ဘဲဘတ်အသစ်ပြုလုပ်ထားသူတွေအတွက်လို့ စုံစမ်းသိရပါတယ်။ဘတ်အသစ်ပြုလုပ်ထားတဲ့ မြန်မာလုပ်သားဦးရေ ၄ သိန်းကျော် ရှိတယ်လို့လည်း CDM အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ခန့်မှန်းပါတယ်။

CI စာအုပ်ပြုလုပ်မယ့်သူတွေဟာ စာအုပ်ဖိုးအဖြစ် ဘတ် ၅၀၀၀ ခန့်ကုန်ကျမှာဖြစ်ပြီး အခုတခါ CI ပြုလုပ်ချိန်မှာ ဗီဇာကြေးပါ တပါတည်းပေးဆောင်ရမှာလို့သိရ​ကြောင်း ဦးဝေလင်းမောင်က ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃ လစာငွေလွှဲပို့ထားသူတွေကို CI စာအုပ်ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

အဲဒီလို CI စာအုပ်လုပ်ဖို့ လျှောက်ထားမယ်ဆိုရင် ရရှိတဲ့အခြေခံလုပ်ခလစာ ၃လစာရဲ့ ၂၅ရာခိုင်နှုန်းကို မိသားစုထံ လွှဲပို့ထားတဲ့အထောက်အထားတင်ပြရမယ်ဆိုပြီး ကန့်သတ်ချက်ထည့်ထားတာကို အာဏာသိမ်းစစ်တပ်တပ်လက်အောက်ခံ အလုပ်သမားညွန်ကြားရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်မှာ​​ဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီးမင်းကင်းမောင်မြင့်က ပြည်ပရောက်အလုပ်သမားတွေရဲ့ မိသားစုထံ လွှဲပို့ငွေပိုရအောင်လုပ်မယ် ပြောပြီးမကြာခင်အခုလို CI ထုတ်​ပေးတာ​တွေလုပ်လာတာ ဖြစ်ပါတယ်။

အခု CI လုပ်မယ်ဆိုရင် လွှဲပို့ငွေအထောက်အထားပြရမယ့်ကန့်သတ်ချက်အရ အခြေခံလုပ်ခကိုထိုင်းဘတ် ၁၀,၄၀၀ လျာထားတာဖြစ်တဲ့ အတွက် တစ်လလွှဲပို့ငွေပမာဏ၂၅ ရာခိုင်နှုန်းဆိုရင် ဘတ်၂၆၀၀ ရှိကာ ၃လစာ ဘတ် ၇၈၀၀နဲ့ညီမျှတဲ့ ကျပ်၁၀သိန်းကျော် ပြည်တွင်းကို လွှဲပို့ထားရမှာလို့အလုပ်သမားအရေးလူပ်ရှားသူတွေကတွက်ပြထားပါတယ်။

စစ်​ကောင်စီကထိုင်း​ရောက်မြန်မာလုပ်သား​တွေဆီက ​ငွေ​ကောက်ပြီး CI ကတ်လုပ်​​ပေးမယ့်အစီအစီအစဥ်အတွက် အရာရှိ ၃၀ ​ကျော်ကို ​အောက်တိုဘာ ဒုတိယပါတ်မှာ ထိုင်းကို​စေလွှတ်ခဲ့တယ် လို့ ထိုင်းသတင်းဌာန PPTV က​ဖော်ပြပါတယ်။

ထိုင်း​ရောက်မြန်မာလုပ်သား​တွေဟာ ထိုင်းမှာအလုပ်လုပ်ပြီး ပန်း​ရောင်ကတ်ပြုလုပ်ရင်းထိုင်းအစိုးရကို လည်းအခွန်​ဆောင်ထားသလို အာဏာသိမ်းစစ်တပ်ကပါ ထိုင်းလာပြီး CI လုပ်​ပေးခ အခွန်ထပ်​ကောက်တာ​ကြောင့် အခွန် ၂ ထပ်​ကောက်သလိုဖြစ်​နေတယ်လို့အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ် မစ္စနီလူးဘွန် ဖုန်ဇယုံ ကPPTV သတင်းဌာနနဲ့အင်တာဗျူးမှာ​ပြောပါတယ် ။အခုလိုအခွန် ထပ်​ကောက်မယ့်အစီအစဥ်ဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO) ပြဌာန်းချက်​တွေကို ချိုး​ဖောက်​ရာ​ရောက်တယ်လို့လည်းသူက​ထောက်ပြပါတယ်။

ဒါ့အပြင် မြန်မာစစ်​အုပ်စုက CI လုပ်ချင်တာဟာ ထိုင်း​ရောက်မြန်မာလုပ်သားတွေဆီက အခွန်ကောက်ခံပြီး အကျိုးအမြတ် ရယူချင်တာအပြင် မြန်မာနိုင်ငံက တိုင်းရင်းသား​တော်လှန်​ရေးအဖွဲ့အစည်းတွေကို နှိမ်နင်းဖို့ နဲ့ အစိုးရကိုဆန့်ကျင်သူတွေရဲ့ အချက်အလက်ရရှိနိုင်ဖို့ အတွက်ရည်ရွယ်ထားတာလည်းဖြစ်တယ်လို့ ထိုင်းနိုင်ငံကအလုပ်သမားအ​ရေး​ဆောင်ရွက်သူက​ပြောပါတယ် ။ဒါ​ကြောင့် ထိုင်းအစိုးရက စစ်​ကောင်စီကို ထိုင်းလာပြီး CI လုပ်ခွင့်​ပေးတာဟာ ထိုင်းနိုင်ငံအတွင်းစစ်အုပ်စုကိုဝင်​ရောက်စွက်ဖက် ၊ကျူး​ကျော်ခွင့်​ပေးတာသာဖြစ်တယ်လို့ မစ္စနီလူးဘွန် ဖုန်ဇယုံ နဲ့ ထိုင်းလွှတ်​တော်အမတ်အချို့က​ဝေဖန်ပါတယ်။

ထိုင်းနိုင်ငံက ခရိုင်မြို့တော်တွေဖြစ်တဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်၊ချွန်ဘူရီတို့က CI ထုတ်ပေးရေးစခန်းတွေကို အောက်တိုဘာ၁၄ ရက်မှာ ပြန်ဖွင့်သွားမှာဖြစ်ပြီး လျှောက်ထားလိုတဲ့သူတွေနီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ဘတ်၂,၆၆၀ ပေးသွင်းကာ လျှောက်ထားလိုတဲ့ စခန်းနာမည်နဲ့ နေ့ရက်ကိုရွေးချယ်နိုင်တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

ဒါပေမယ့် ၅ရက်ကြာတဲ့အထိ CI စခန်းတွေမှာ တိတ်ဆိတ်နေပြီး ထိုင်းရောက်မြန်မာလုပ်သား​တွေဟာ CI လုပ်ဖို့စခန်းတွေကို မသွားကြဘူးလို့ ကိုရဲမင်းက ပြောပါတယ်။

“မြန်မာလုပ်သားတွေက စောင့်ကြည့်နေကြတယ်။ စခန်းတွေကို မသွားကြသေးဘူး။ ဒါကြီးက အားလုံးညီရင် ရပ်သွားမှာလို့ သူတို့လည်း နားလည်ထားတယ်”လို့ ကိုရဲမင်းက ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ​ရောက်မြန်မာအလုပ်သမား​တွေရဲ့ကွန်ယက်ဖြစ်တဲ့ Bright Futureမှ ဆူရတ်ဂ်ျဂီရီ ဦးဆောင်ပြီး ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေကို CI ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနဲ့ လုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ ပွဲစားတွေ ဖမ်းဆီးအရေးယူပေးရေး ထိုင်းအောက်လွှတ်တော်အလုပ်သမားရေးရာကော်မတီထံ​ ​အောက်တိုဘာလဆန်းမှာသွားရောက်တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းရောက် မြန်မာနိုင်ငံသားတွေရဲ့ ဆေးကုသမှု ကုန်ကျစရိတ် စုစုပေါင်းဟာ ၂၀၂၆ခုနှစ်အတွင်းမှာပဲ ဘတ် သန်း ၉၆၀ ကျော်ထိ ရှိလာတယ်လို့ သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်မှာစက်ရုံကပြန်လာတဲ့ မြန်မာလုပ်သားတွေရဲ့ဖယ်ရီကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၆၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို သုံးပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို သွေးခွဲဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) ရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်က ပြောကြားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)နဲ့ ကမ္ဘာ့ဘဏ်တို့ အစည်းအဝေး ကျင်းပတဲ့ နေရာနားမှာ လူပေါင်း ရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။