အောက်တိုဘာ-၁၈၊၂၀၂၆။People’s Spring
ထိုင်း-မြန်မာအခြေစိုက်ထင်ရှားတဲ့ပရဟိတ ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ စင်သီယာမောင်ရဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး အားထုတ်ကြိုးစားမှုတွေကို ကမ္ဘာကျော် ဘီလီယံနာ သူဌေးကြီး ဘီလ်ဂိတ်စ်က အသိအမှတ်ပြု ချီးကျူးခဲ့ပါတယ်။
ဂိတ်စ်ရဲ့ Facebook စာမျက်နှာမှာ ဒေါက်တာ စင်သီယာမောင်က အကူအညီ လိုအပ်နေသူတွေကိုနှစ်ပေါင်း ၄၀ နီးပါးကြာတဲ့ထိ အားသွန်ခွန်စိုက် ကူညီ စောင့်ရှောက်ပေးနေတာကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
ဒေါက်တာစင်သီယာမောင်ဟာ ၁၉၈၈ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုအပြီး မဲဆောက်ကို ရောက်ရှိလာပြီး မြေသားပေါ် ခနော်နီ ခနော်နဲ့ တည်ဆောက်ထားတဲ့မယ်တော်ဆေးခန်းလေးကို စတင် ဖွင့်လှစ်ခဲ့ပါတယ်။ မျက်မှောက်ခေတ်မှာတော့ သူ့ရဲ့ ဆေးခန်းဟာ နယ်စပ်က ဒုက္ခသည်တွေ၊ စစ်ရှောင်တွေ၊ ရွှေ့ပြောင်းလုပ်သား မိသားစုတွေနဲ့ တခြားအကူအညီ လိုအပ်တဲ့ လူ့အဖွဲ့အစည်းတွေ အားအကိုးရဆုံးအခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ရင်းမြစ်တစ်ခု ဖြစ်လာပါတယ်။

Public Service Announcement
ဂိတ်စ်ဟာ နိုင်ငံတကာက လူသားအကျိုးပြု ကြိုးစား အားထုတ်မှုတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသူတွေကို အသိအမှတ်ပြု ချီးကျူးတဲ့ သူ့ရဲ့ Heroes in the Fieldဆိုတဲ့ အစီအစဉ်အတွက်ဒေါက်တာစင်သီယာမောင် အကြောင်းကိုပြောပြသွားခဲ့တာဖြစ်ပါတယ်။
ဒေါက်တာစင်သီယာမောင်ရဲ့မယ်တော်ဆေးခန်းကသာမကဘဲသူကူညီထူထောင်ပေးထားတဲ့ရွေ့လျားဆေးကုသရေးအဖွဲ့တွေကလည်း စစ်ရေးပဋိပက္ခ နယ်မြေတွေ၊ ဝေးလံသီခေါင်တဲ့ ဒေသတွေမှာ ငှက်ဖျား၊ အာဟာရချို့တဲ့မှု၊ ဝမ်းပျက်ဝမ်းလျှော တိုက်ဖျက်ရေးနဲ့ တခြားကျန်းမာရေးစောင့်ရှောက်မှုတွေထောက်ပံ့ရေးလှည့်လည်သွားလာနေတဲ့ အကြောင်းကိုလည်း ဂိတ်စ်ရဲ့ ဗီဒီယိုထဲမှာ ဖော်ပြထားခဲ့ပါတယ်။
ဒေါက်တာ စင်သီယာမောင်ရဲ့ လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေဟာ နိုင်ငံတကာ ထိပ်တန်း ကျန်းမာရေး အဖွဲ့အစည်းကြီးတွေနဲ့ ကာလရှည်ကြာ ချိတ်ဆက် ပူးပေါင်းမှုတွေ ရှိခဲ့ပါတယ်။ဂိတ်စ်ရဲ့ဘီလ်နှင့် မယ်လင်ဒါဂိတ်စ်လူဦးရေနှင့်မျိုးပွားခြင်းဆိုင်ရာကျန်းမာရေးဌာန (The Bill & Melinda Gates Institute for Population and Reproductive Health)ဟာ ဒေါက်တာစင်သီယာမောင်ရဲ့”ရွေ့လျားသားဖွားနှင့် မိခင်ကျန်းမာရေး စောင့်ရှောက်သူများ စီမံကိန်း”အတွက်လည်း ရန်ပုံငွေ ထောက်ပံ့ကူညီပေးထားပါတယ်။



















































