အောက်တိုဘာ ၁၈၊၂၀၂၆။ ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ကျပ်ပြင်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၂ ဦး သေဆုံးကြောင်း မြင်းခြံတိုက်နယ်(၃)နဂါးနီပြောက်ကျား (မြင်းခြံ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
မနေ့က အောက်တိုဘာ ၁၇ ရက် ညနေ ၆နာရီခွဲခန့်က တံတားဦးမြို့နယ်၊ ကျပ်ပြင်ရွာဘုန်းကြီးကျောင်းထဲမှာ တပ်စွဲပြီး ကျောင်းပေါက်ဝမှာ ဂိတ်ချကာ ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးရဲဘော်တွေက အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း နဂါးနီပြောက်ကျား (မြင်းခြံ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲစတင်ချိန်မှာပဲ ရဲဘော်တွေက လက်ဦးမှုယူပြီး ဂိတ်ဝက ထိုင်ခုံပေါ်မှာ ဖုန်းသုံးနေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးအပါအဝင် ၄ ဦးကို အရင်ဆုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ကျောင်းအတွင်းက စစ်ကောင်စီတပ်နဲ့ မိနစ် (၂၀) ကျော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ၎င်းတာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement
“အပြင်မှာ၄ကောင် ဘန်ကာဘေးမှာပဲ ထိုင်နေတာ။ ၂ကောင်က တန်းမှောက်တာ။ နှစ်ကောင်ကလည်းပြန်မပစ်နိုင်ဘူး။ ကျောင်းထဲကကောင်တွေကပဲ ပြန်ပစ်တာ”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်တပ်က ၂ ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးပြီး ၃ဦး ထိခိုက်ဒဏ်ရာရရှိကာ လက်နက်ကောက်ယူနိုင်ခြင်း မရှိဘူးလို့ နဂါးနီပြောက်ကျား (မြင်းခြံ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးပါတယ်။ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုကိုတော့ လူထုနွေဦးက သီးခြားအတည်ပြုလို့ မရသေးပါဘူး။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား ၂ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ချောင်းဆုံစခန်းဘက်ကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်ဟာ အဲဒီဘုန်းကြီးကျောင်းထဲကို ည ၁၁ နာရီခန့်မှာ ချောင်းဆုံဘက်မှ ကား ၁စီးနဲ့ ည ၁၂ ခန့်မှာ ဂွေးကုန်းဘက်မှ ကား ၁စီး အင်းအား ၆၀ခန့်နဲ့ အင်အားတိုးချသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်က တံတားဦးလေတပ်စခန်းကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့လို့ စစ်အုပ်စု အထိနာခဲ့ပြီးနောက် လေတပ်စခန်းဝန်းကျင်က ရွာတွေကို စစ်ကြောင်းထိုးဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။



















































