မေ -၅၊၂၀၂၆။မိုမို/People’s Spring
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က စစ်တပ်အထိုင်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိပြီး တစ်ဦးအရှင်ဖမ်းမိတယ်လို့ ဧရာညီနောင်စစ်ကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့က ဒီကနေ့ မေလ ၅ရက်မှာ ထုတ်ပြန်ပါတယ်။
နတ်တလင်းမြို့နယ်က ဘန့်ဘွေးကုန်းကျေးရွာမှာ အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်း၊လက်နက်ငယ်တွေအသုံးပြုပြီး ပြီးခဲ့တဲ့ ဧပြီ ၁၁ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
၁နာခွဲကြာတဲ့တိုက်ပွဲအတွင်းမှာ စစ်တပ်က ၁၀ဦး သေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးပါတယ်။ စစ်တပ်ရဲ့သေဆုံးထိခိုက်မှုကို လူထုနွေဦးက သီး ခြားအတည်မပြုနိုင်သေးပါဘူး။ဒါပေမယ့် ဧရာညီနောင်စစ်ကြောင်းက ထုတ်ပြန်တဲ့ ရုပ်သံဖိုင်မှာ ဖမ်းမိတဲ့ တပ်သားတစ်ဦးကို တွေ့ရပါတယ်။

Public Service Announcement
“ အားလုံးပေါင်း တပည့်တို့က နေပြည်တော်ကလာတာ ၁၂၀။စစ်ကြောင်း ၂ဟိုဘက်က ဗိုလ်ကြီးသက်နိုင်ထွန်း” လို့ ဖမ်းဆီးခံရတဲ့ စစ်သားက ပြောပါတယ်။
အဲဒီတပ်သားကတဆင့် ကျန်ရှိတဲ့ စစ်တပ်ရဲ့ အဖွဲ့ဝင်တွေကို လက်နက်ချဖို့ ပြောဆိုခဲ့တာလည်း ရုပ်သံ မှတ်တမ်းမှာ တွေ့ရပါတယ်။
တိုက်ပွဲအတွင်း G3 သေနတ် တစ်လက် သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကာ စစ်တပ်ရဲ့အင်အားသာလွန်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်မှပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်း သိရပါတယ်။
တိုက်ပွဲဖြစ်စဥ်နဲ့ လက်ရှိ နတ်တလင်းမြို့နယ်က စစ်တပ်စစ်ကြောင်း အခြေအနေကို ဧရာညီနောင်စစ်ကြောင်းထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
စစ်တပ်က နတ်တလင်းမြို့နယ်အရှေ့ခြမ်းကို ဧပြီပထမပတ်ကစပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ဦးသေဆုံးပြီး စာသင်ကျောင်း၊နေအိမ်တွေ ပျက်စီးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။
အခု ၂၀၂၆စက ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်က လက်ပံတန်း၊ ကြို့ပင်ကောက် ၊ မင်းလှမြို့နယ်နဲ့ နတ်တလင်းခရိုင်က နတ်တလင်းမြို့မှာရှိတဲ့ စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ဖူးပါတယ်။
ကြို့ပင်ကောက်၊ ဇီးကုန်းနဲ့ နတ်တလင်းမြို့နယ်ဟာ ရန်ကုန် – ပြည်လမ်းပိုင်းနဲ့ ချိတ်ဆက်နေပြီး နယ်မြေချင်းလည်း ထိစပ်နေပါတယ်။
နတ်တလင်းမြို့နယ်က စစ်တပ်အထိုင်စခန်း တော်လှန်ရေးတပ်တွေ တိုက်ခိုက် မေ -၅၊၂၀၂၆။မိုမို/People's Spring ပဲခူးတိုင်း၊…
Posted by People's Spring on Tuesday 5 May 2026
ရုပ်သံ – Ayeyar NyiNaung



















































