စစ်တပ်က အာဏာစသိမ်းတဲ့ ဖေဖေါ်ဝါရီလကစပြီး ဒီဇင်ဘာလအထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ထံ လက်နက်ချအလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေ အယောက် (၅၀)နီးပါးရှိတယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။
ဖေဖေါ်ဝါရီ ၁ ရက်ကစပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့အာဏာကို အတင်းအဓမ္မလုယူပြီးတဲ့နောက်ပိုင်း တပ်ရင်း တပ်မအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထိန်းချုပ်ရာနေရာတွေထံ လက်နက်ချအလင်းဝင်ရောက်လာခဲ့တာပါ။
လက်နက်ချအလင်းဝင်ရောက်လာရာမှာ အခုလ ဒီဇင်ဘာလအထိ KNLA တပ်မဟာ ၅ ထံကို စစ်ကောင်စီတပ်သား အယောက် (၅၀)နီးပါး လက်နက်ကိုယ်စီနဲ့ အလင်းဝင်ရောက်ခဲ့ပြီး ဒီလို လက်နက်ချအလင်းဝင်ရောက်လာသူတွေကို လှိုက်လှဲစွာကြိုဆိုကြောင်း KNLA တပ်မဟာ ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောမူဟဲက ပြောပါတယ်။
“ဒီလို အမြင်မှန်ရပြီး လက်နက်ချအလင်းဝင်လာသူ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ကျနော်တို့ဘက်ကတော့လှိုက်လှဲပျူငှာစွာနဲ့ လက်ကခံကြိုဆိုပါတယ်။ ရှေ့လျှောက်အနာဂတ် ဘာလုပ်ချင် ဘာဖြစ်ချင်တာကတော့ သူတို့အပေါ်မှာပဲမူတည်တယ်။ ကျနော်တို့နဲ့နေသွားရင်လည်း လက်ခံတယ်။ သူတို့အိမ်ပြန်ချင်တယ်ဆိုရင်လည်း အတတ်နိုင်ဆုံး စီစဉ်ပေးပါတယ်” လို့ ဗိုလ်မှူးချုပ်စောမူဟဲက ပြောပါတယ်။

Public Service Announcement
လက်နက်ချအလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးက လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ထွက်ပြေးလာခဲ့ပြီး လက်နက်ချအလင်းဝင်ခဲ့ကာ KNLA တပ်မဟာ ၅ က မိမိအပေါ် ကြည်ဖြူစွာလက်ခံကျွေးမွေးထားတယ်လို့ ပြောပြပါတယ်။
လက်နက်ချအလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားအများစုဟာ တနင်္သာရီတိုင်းအခြေစိုက် စကခ ၈ လက်အောက်ခံ တပ်ရင်းက တပ်သားတွေအများစုဖြစ်ပြီး အခုဒီဇင်ဘာလကုန်အထိ (၄၇) ဦးရှိတယ်လို့ ကေအဲန်ယူ မူတြော်ခရိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။


















































