အမေရိကန်ရဲ့ ကြားကာလ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်အပေါ် လူထုထောက်ခံနှုန်းဟာ စံချိန်တင် ကျဆင်းလာနေတယ်လို့ သိရပါတယ်။
Reuters သတင်းဌာနနဲ့ Ipsos poll သုတေသန ဌာနတို့ ပူးပေါင်းကောက်ယူတဲ့ လူထုအမြင် စစ်တမ်းတစ်ခုမှာတော့ ဖြေဆိုသူ အားလုံးရဲ့ ၃၁ ရာခိုင်နှုန်းကသာ သမ္မတ ထရမ့်ရဲ့ စွမ်းဆောင်ရည်တွေအပေါ် အားရကျေနပ်ကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။ ဒါဟာ ထရမ့်ရဲ့ လက်ရှိ သမ္မတ သက်တမ်းတလျှောက် ထောက်ခံနှုန်း အနည်းဆုံး ညွှန်ကိန်းလည်း ဖြစ်လာပါတယ်။
လူထု မထောက်ခံတဲ့ အီရန်စစ်ပွဲကို ထရမ့်က ဆင်နွှဲခဲ့တာ၊ နောက်ဆက်တွဲ အကျိုးဆက်တွေကို ကောင်းကောင်း မကိုင်တွယ်နိုင်ဘဲ ရေနံစျေးတွေ ထိုးတက်လာတာတွေက အာဏာရ ရီပတ်ဘလစ်ကန် ပါတီအပေါ် ထိခိုက်သက်ရောက်မှုတွေ ဖြစ်လာစေနိုင်ကြောင်း နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။
၄ ရက်ကြာ ကာလတစ်ခုအတွင်း ကောက်ယူခဲ့တဲ့ Reuters စစ်တမ်းမှာတော့ ဖြေဆိုသူ အားလုံးရဲ့ ၄၇ ရာခိုင်နှုန်းက နိုဝင်ဘာ ၃ ရက် ကြားကာလ ရွေးကောက်ပွဲကျရင် ဒီမိုကရက်တစ် ပါတီကို မဲပေးမယ်လို့ သဘောထား မှတ်ချက်ပေးထားပြီး ၃၅ ရာခိုင်နှုန်းကသာ ရီပတ်ဘလစ်ကန်ဖက်ကို ရွေးထားပါတယ်။

Public Service Announcement
လာမယ့်ရွေးကောက်ပွဲမှာ အထက်လွှတ်တော် အမတ်နေရာပေါင်း ၁၀၀ ထဲက စုစုပေါင်း ၃၃ နေရာစာ၊ အောက်လွှတ်တော် အမတ်နေရာတွေ အားလုံးနဲ့ ပြည်နယ်တချို့ရဲ့ အုပ်ချုပ်ရေးမှူး နေရာတွေအတွက် မဲပေးရွေးချယ်ရမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရီပတ်ဘလစ်ကန်တွေဟာ သမ္မတနေရာကို တင်မြှောက်ခွင့် ရထားသလို အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်မှာပါ အင်အား အသာစီးနဲ့ ထိန်းချုပ်ထားပါတယ်။ လက်ရှိ လူထုအမြင် စစ်တမ်း အများစုအရ ကြားကာလ ရွေးကောက်ပွဲပြီးရင် ရီပတ်ဘလစ်ကန် ပါတီဟာ အောက်လွှတ်တော် ထိန်းချုပ်ခွင့်ကို ဆုံးရှုံးရနိုင်ခြေ များနေပြီး အထက်လွှတ်တော်မှာ ရထားတဲ့ အားသာချက်ကလည်း မရေမရာ ဖြစ်နေတယ်လို့ သိရပါတယ်။
Reutersရဲ့ စစ်တမ်းမှာ အမျိုးသမီး ၅၀ ရာခိုင်နှုန်းက ဒီမိုကရက်တစ် ပါတီကို မဲပေးမယ်လို့ ဖြေဆိုထားပြီး ၃၂ ရာခိုင်နှုန်းက ရီပတ်ဘလစ်ကန်တွေကို ထောက်ခံမယ်လို့ ဆိုပါတယ်။ အမျိုးသားတွေကလည်း ဒီမိုကရက်တစ် ပါတီဖက် ပိုယိမ်းပေမယ့် ကွာဟချက်ကတော့ အရမ်းမကြီးပါဘူး။
ဖြေဆိုသူ ၆၈ ရာခိုင်နှုန်းလောက် ထရမ့်ရဲ့ စီးပွားရေး မူဝါဒတွေ ကိုင်တွယ်ပုံကို သဘောမတူကြပါဘူး။ အဲဒီထဲမှာ ကိုယ့်ကိုယ်ကိုယ် ရီပတ်ဘလစ်ကန်တွေလို့ ကြေညာထားသူ ၃၇ ရာခိုင်နှုန်း ပါဝင်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်ရင် ဒီမိုကရက်တစ်တွေအပေါ် ပိုယုံကြည်ကြောင်း ဖြေကြားသူတွေ ၄၀ ရာခိုင်နှုန်း ရှိခဲ့ပြီး ၃၃ ရာခိုင်နှုန်းကသာ ရီပတ်ဘလစ်ကန်တွေကို ဆက်ပြီး ယုံကြည်ကြောင်း ပြောပါတယ်။
အွန်လိုင်းက ကောက်ယူတဲ့ အဲဒီစစ်တမ်းမှာ တရားဝင် မဲစာရင်း မှတ်တမ်းဝင်ထားသူ ၁၂၇၉ ဦး အပါအဝင် အရွယ်ရောက်ပြီး အမေရိကန် နိုင်ငံသား ၁၆၇၉ ဦး ပါဝင်ဖြေဆိုခဲ့ပါတယ်။ Reutersနဲ့ Ipsos pollကတော့ အဲဒီခန့်မှန်းရလဒ်နဲ့ လက်တွေ့ အခြေအနေ ကွာဟနိုင်ခြေဟာ ၂ ကနေ ၃ ရာခိုင်နှုန်းလောက် ရှိမယ်လို့ မှတ်ချက်ပေးထားပါတယ်။
ကိုးကား: Reuters




















































