တရုတ်နိုင်ငံက အထပ်မြင့် တိုက်ခန်းတစ်ခုရဲ့ လုံခြုံရေး သံပန်းမှာ ခေါင်းညပ်ပြီး တွဲလောင်းဖြစ်နေတဲ့ ၃ နှစ်အရွယ် ကလေးငယ်ကို ပြုတ်ကျမသွားအောင် ဒေသခံတွေက ခွေးခြေခုံ တစ်ခုနဲ့ ခံထားပေးခဲ့ပြီး နောက်ဆုံးမှာတော့ အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့ပါတယ်။
အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းတုန်းက ဖူကျန်းပြည်နယ်၊ ရှန်းဖျင်းမြို့မှာရှိတဲ့ လူနေတိုက် တစ်ခုရဲ့ ၁၂ ထပ်အမြင့်မှာ မိန်းကလေးငယ် တစ်ယောက် တွဲလောင်း ဖြစ်နေတာကို ဒေသခံတွေက သတိပြုမိသွားပါတယ်။ ကလေးက တိုက်ခန်းရဲ့ ပြတင်းပေါက် လုံခြုံရေး သံပန်းမှာ ခေါင်းနဲ့ ခန္ဓာကိုယ် အပေါ်ပိုင်း ညပ်နေပြီး အတွင်းဖက် အုတ်ဘောင်ကို လက်နဲ့ ကုတ်တွယ်ထားခဲ့ပါတယ်။
ကလေးရှိနေတဲ့ အခန်းထဲကိုလည်း ရုတ်တရက် ဝင်လို့မရတဲ့အတွက် တိုက်ခန်းရဲ့ လုံခြုံရေး ဝန်ထမ်းတစ်ဦးနဲ့ ဒေသခံတွေဟာ ကလေးရဲ့ လုံခြုံရေးအတွက် ဖြစ်နိုင်ခြေ အရှိဆုံး နည်းလမ်းကို အမြန်ဆုံး စဉ်းစားပြီး အကောင်အထည် ဖော်ခဲ့ပါတယ်။
သူတို့ဟာ ကလေးရှိနေတဲ့ တိုက်ခန်းရဲ့ အောက်တည့်တည့် အခန်း ပြတင်းပေါက်ကိုဖွင့်၊ အပြင်ဖက်ကို ခန္ဓာကိုယ် တစ်ပိုင်းထွက်ပြီး ကလေးကို ပြုတ်ကျမသွားအောင် ခွေးခြေခုံ တစ်ခုနဲ့ ပင့်ထားပေးခဲ့ကြပါတယ်။ ခွေးခြေခုံကို လူနှစ်ဦးက တစ်ဖက်စီ ထိန်းကိုင်ထားပြီး သူတို့ကို အောက်ဖက် တိုက်ခန်းထဲမှာ ရှိနေသူတွေက ဝိုင်းဆွဲပေးထားပါတယ်။

Public Service Announcement
နောက်ဆုံးမှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ကလေးရှိနေတဲ့ အခန်းထဲ တံခါးဖျက် ဝင်သွားခဲ့ပြီး မိန်းကလေးကို အောင်အောင်မြင်မြင် ကယ်ဆယ် ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ ကလေးမှာ ဆိုးဆိုးရွားရွား ပြင်ပဒဏ်ရာ ဘာမှ မရှိပေမယ့် စိတ်ချရအောင် ဆေးရုံ ပို့ပေးခဲ့ပါတယ်။
ဖခင်ဖြစ်သူ အလုပ်သွားပြီး ကလေးကလည်း အိပ်ပျော်နေတာကြောင့် မိခင်က ဟင်းသီးဟင်းရွက်ဝယ်ဖို့ စျေးကို ခဏသွားနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ကလေးက နိုးလာပြီး မိခင်ကို လိုက်ရှာရာက အခုလို ထိတ်လန့်သည်းဖို အခြေအနေမျိုးဆီ ရောက်သွားတာပါ။ ကလေးက ပြတင်းပေါက် သံပန်းကနေ ဘယ်လို ထွက်သွားခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
ကိုးကား: CNA




















































