အောက်တိုဘာ ၂၁၊ ၂၀၂၆။ ဇေအောင်/People’s Spring
မန္တလေးတိုင်းအတွင်းက ဘုန်းကြီးကျောင်းတွေမှာ လိုင်စင်မဲ့ယာဉ်တွေ မထားကြဖို့ စစ်တပ်လက်အောက်ခံ တိုင်းသာသနာရေးမှူးရုံးက အသိပေးကြေညာပါတယ်။
မန္တလေးတိုင်းသာသနာရေးမှူးရုံးရဲ့ ညွှန်ကြားချက်အရ မြို့နယ်သံဃနာယကအဖွဲ့ဆီကို ထပ်မံအကြောင်းကြားခဲ့တာဖြစ်ပြီး ကျောင်းတိုက်တွေအတွင်းမှာ လိုင်စင်မဲ့ယာဉ်တွေ မထားရှိရေးအတွက် မြို့နယ်အလိုက် ကြပ်မတ် ဆောင်ရွက်ပေးကြဖို့ဆိုပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ သဘောတူညီမှုနဲ့ စစ်တပ်လက်အောက်ခံ တိုင်းသာသနာရေးမှူးရုံးက အသိပေးထားပါတယ်။
“စီးကို မစီးတော့တာ။ ဒီတိုငိးရပ်ထားတာ တစ်ဝါတောင်ကုန်ပြီ။ ဆိုငိကယ်နဲ့ပြန်ကြွတယ်”လို့ သံဃာတော်တစ်ပါးက မိန့်ပါတယ်။

Public Service Announcement
နိုင်ငံတော်သံဃမဟာနာယက(မဟန)အဖွဲ့ဟာ စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိနေပြီး ပြောသင့်တာတွေကိုတော့ မပြောဘဲ မျက်ကွက်ပြုထားကာ အရေးမပါတဲ့ကိစ္စတွေကိုသာ ပြောဆိုနေတယ်လို့ သံဃာအသိုင်းအဝိုင်းက မှတ်ချက်ပြုပါတယ်။
“အဲ့ထက်အရေးကြီးတဲ့ ပေါက်ကတုံးတို့ ဝါသဝတို့လို လက်နက် ရှိတဲ့ကောင်တွေကျ ဘာမှမလုပ်ရဲ စာနဲ့တောင် သတိမပေးရဲ တဲ့မဟနပါ”လို့ သံဃာတော်တစ်ပါးက ဆိုပါတယ်။
ဒါ့အပြင် တိုင်းသာသနာရေးမှူးရုံးကနေ ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေအနေနဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို စီးနင်းမောင်းနှင်ခြင်း မပြုကြဖို့ ထပ်မံတားမြစ်ထားပါတယ်။
စစ်တပ်ဟာ လိုင်စင်မဲ့ယာဉ်တွေကို တင်းကြပ်စွာ ဖမ်းဆီးစစ်ဆေးနေရာကနေ ယခုအခါ ဘုန်းတော်ကြီးကျောင်းတိုက်တွေအထိပါ သာသနာရေးဌာနအဆင့်ဆင့်ကနေတစ်ဆင့် ဖိအားပေး ညွှန်ကြားလာတာဖြစ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေကို တင်းကျပ်စွာ စောင့်ကြည့်တဲ့ စနစ်ဖြစ်တဲ့ UID ကတ်ကို ဒေသအသီးသီးက ရဟန်းသံဃာတော်တွေကိုပါ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။




















































