အောက်တိုဘာ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရန်သူ(စစ်တပ်)ဟာ နေရာတိုင်းမှာ အထိနာလျက်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ် ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က စစ်တပ်ထံက သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ထုတ်ပြလိုက်ပါတယ်။
ဒေါက်တာစိုးသူရဇော်ပြသတဲ့ ရုပ်သံမှာ စစ်တပ်ထံက သိမ်းရခဲ့တဲ့ လက်နက်ခဲယမ်းတွေကို တော်လှန်ရေးရဲဘော်တွေက စိစစ်နေရာချနေတာကို တွေ့ရပါတယ်။ ဘယ်ဒေသ တိုက်ပွဲမှာ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေဆိုတာမျိုးတော့ အသေးစိတ် ရေးသားထားတာမရှိပါဘူး။
ဒါပေမဲ့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ရဲ့ အသိပေးထားတဲ့ ကချင်-စစ်ကိုင်းအစပ် တိုက်ပွဲမှာ သိမ်းရခဲ့တဲ့ လက်နက်ခဲယမ်းတွေ နဲ့ ဒေါက်တာစိုးသူရဇော်ပြသတဲ့ လက်နက်ခဲယမ်းတွေ အတူတူဖြစ်နေတာတွေ့ရပါတယ်။ ကချင်သတင်းရင်းမြစ်နဲ့ ဒေါက်တာစိုးသူရဇော်တို့ ပြသထားတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ စစ်တပ်ထံက လက်နက်ကြီးကျည်နဲ့ လက်နက်ငယ်ကျည်များစွာ၊ စက်သေနတ်အချို့၊ ဒရုန်းအချို့နဲ့ အခြား စစ်သုံးပစ္စည်းအများအပြား သိမ်းရခဲ့တာတွေ့ရပါတယ်။ စစ်တပ်ဟာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ပြန်ရဖို့ ထိုးစစ်ဆင်နေလို့ ကချင်-စစ်ကိုင်းအစပ်နဲ့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်လျက်ရှိရာ စစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ်တွေက အထိနာအောင် တိုက်ခိုက်လျက်ရှိပါတယ်။

Public Service Announcement
“ရန်သူဟာ နေရာတိုင်းမှာ အပြင်းအထန်အထိနာလျက်ရှိ။ နှစ်ဖက်တိုက်ကြတဲ့ စစ်မြေပြင်မှာ ဘယ်သူတွေက ဘယ်အခြေအနေရှိသလဲဆိုတာ ယှဉ်တိုက်နေတဲ့ နှစ်ဖက်က လူတွေ အသိဆုံးဖြစ်ပါလိမ့်မယ်။” လို့ ဒေါက်တာစိုးသူရဇော်က ရေးသားထားပါတယ်။
အာဏာရှင်တွေကတော့ သူတို့ အာဏာတည်မြဲရေးအတွက် တနိုင်ငံလုံးက လူငယ်ထုကို အတင်းအဓမ္မပေါ်တာဆွဲပြီး ရှေ့ကို ဇွတ်တက်ခိုင်းလျက် ရက်ရက်စက်စက် အသေခံခိုင်းနေကြောင်းလည်း ဖော်ပြထားပါတယ်။
အပတ်စဉ် ၁ခုကို လူငယ် (၅၀၀၀) နှုန်းနဲ့ စုဆောင်းနေတဲ့ ပေါ်တာတွေကြောင့် အခုချိန်မှာဆိုရင် မြန်မာနိုင်ငံက အလုပ်လုပ်နိုင်တဲ့ လူငယ်နဲ့ လူလတ်တန်း အရွယ် စုစုပေါင်း ၁သိန်းခွဲခန့်ဟာ စစ်အာဏာရှင်တွေရဲ့ ယစ်ပုလ္လင်မှာ ပူဇော်ခံရပြီး ဖြစ်ကြောင်းလည်း ရေးသားထားပါတယ်။
“သန်သန်မာမာဖျတ်ဖျတ်လတ်လတ်နဲ့ တိုင်းပြည်အတွက် အလုပ်လုပ်နိုင်တဲ့ လူငယ်ထု တသိန်းခွဲရဲ့ လုပ်အားကို ဆုံးရှုံးလိုက်ရတာ နိုင်ငံအတွက် အင်မတန်နစ်နာပါတယ် ။စစ်အာဏာရှင်ကို အမြစ်မဖြတ်နိုင်သရွေ့ နောက်ထပ်သော လူငယ်ပေါင်း သိန်းသောင်းချီဟာ အာဏာရှင်ရဲ့ ယစ်ပုလ္လင်ပေါ် ဒီလိုပဲ ထပ်ရောက်လာကြရအုံးမှာပါပဲ ။ တနည်းအားဖြင့် ပြောရရင် ဒါဟာ အာဏာရှင်တွေရဲ့ လူမျိုးတုံး သတ်ဖြတ်မှု တမျိုးဘဲ ဖြစ်ပါတယ်” လို့ ဒေါက်တာစိုးသူရဇော်က ပြောပါတယ်။
အာဏာရှင်မျိုးဆက်ကလွဲရင် ကျန်မျိုးဆက်အားလုံးကို အမျိုးတုံး သတ်ဖြတ်နေတာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် တရစ်ပြီး တရစ်တင်းကြပ်လာတဲ့ အထွေထွေ ကြပ်တည်းမှုကြောင့် မြန်မာပြည်သူလူထုတွေ ပိုပြီး ငတ်မွတ်လာရပြီး လူတန်းစေ့နေနိုင်ဖို့ ပိုပြီး ခက်ခဲလာနိုင်တဲ့အပြင် စစ်အာဏာရှင်ရဲ့ လူမျိုးတုံး သတ်ဖြတ်မှုဟာ ပြည်သူတွေရဲ့ အိမ်ကို တအိမ်တက်ဆင်း တံခါးလိုက်ခေါက်နေပြီလို့လည်းသတိပေးပါတယ်။
“မိမိတို့ရဲ့ အသက်ကို စစ်အာဏာရှင်တွေအတွက် အလဟဿ အဆုံးရှုံးမခံဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး ဒီတချီမှာ အပီရုန်းကြပါစို့”လို့လည်း PDF စစ်ရုံးချုပ် တာဝန်ရှိသူက တိုက်တွန်းပါတယ်။



















































