အောက်တိုဘာ ၂၅၊၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲမှုတွေပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။
KIO ကို ၁၉၆၀ အောက်တိုဘာ ၂၅ ရက်မှာ ဖွဲစည်းတည်ထောင်ခဲ့ရာ ဒီကနေ့မှာ (၆၆)နှစ် ပြည့်မြောက်ခဲ့တာဖြစ်ပြီး အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ကချင်ဘာသာနဲ့ မိန့်ခွန်းပြောကြားခဲ့တာပါ။
“အဓိက သူပြောတာတော့ စည်းလုံးဖို့ပေါ့။အခုအချိန်မှာ စစ်အာဏာရှင်တွေက ပြည်သူတွေကို ဗုံးကြဲတာတွေ အမျိုးမျိုးပေါ့ ဘုရားကျောင်းတွေ ဗုံးကြဲပစ်တာတို့ ရွာတွေ မီးရှို့တာတို့ သတ်တာ အမျိုးမျိုးပေါ့ စစ်တပ်က လုပ်နေတဲ့အတွက် စစ်ရှောင်တွေလည်းများလာတယ်ပေါ့နော်။ အဲဒီလိုမျိုး ဒုက္ခတွေ ခံစားနေရတာတွေကြည့်ပြီး စိတ်မကောင်းတာကို သူပြောတယ်။ နောက်ပြီးတော့ ဘာပဲဖြစ်ဖြစ်တဲ့ ဒီလို အခက်အခဲ ပေါင်းစုံဖြစ်နေတဲ့ ကြားမှာ အကုန်လုံးက ကြံ့ကြံ့ခံဖို့ အားလုံးကို အားပေးချင်တယ်တဲ့။ ဘယ်လိုမျိုးအခက်အခဲတွေ ပဲဖြစ်ဖြစ် အကုန်လုံး ကြံ့ကြံ့ခံပြီးမှ စိတ်ရှည်ပြီးမှ ဖြတ်သန်းရအောင်ပေါ့။ အဲဒါတွေ ပြောတာပါ” လို့ မြစ်ကြီးနားမြို့ရှိ ကချင်ဒေသခံတဦးက KIO ဥက္ကဋ္ဌရဲ့ မိန့်ခွန်းပါအချက်အချို့ကို ဘာသာပြန်ရှင်းပြပေးပါတယ်။

Public Service Announcement
ဒါ့အပြင် စစ်အုပ်စုက ကချင်နဲ့ ရှမ်းအကြား သွေးခွဲနေတဲ့အကြောင်းကိုလည်း KIO ဥက္ကဋ္ဌက သတိပေး ပြောကြားသွားတယ်လို့လည်း ပြောပါတယ်။
“ အရင်က ပင်လုံစာချုပ်ပေါ့ အဲဒီပင်လုံစာချုပ်ချုပ်တာ ပြောသွားတယ်။ ရှမ်းနဲ့ ကချင် ခေါင်းဆောင်တွေက အဲဒီမှာ ပါတဲ့အကြောင်း ထည့်ပြောသွားတယ်။ အခုက ရှမ်းနဲ့ ကချင်နဲ့ စည်းစည်းလုံးလုံးရှိနေတာကိုလည်း သွေးခွဲနေကြတယ်တဲ့” လို့ မြစ်ကြီးနားဒေသခံက ပြောပါတယ်။ ရှမ်းနီတပ်(SNA)ကို အသုံးချပြီး စစ်ရေးဖော်ဆောင်နေတာဟာ ရှမ်းနဲ့ ကချင်ကြားသွေးခွဲနေတာ ခိုင်မာတဲ့ သက်သေ ဖြစ်တယ်လို့ KIO ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။
KIO ဥက္ကဋ္ဌရဲ့ မိန့်ခွန်းပြောကြားချက်ရုပ်သံကို Kachin News Group (KNG) သတင်းဌာနက ဗမာဘာသာပြန် ဖော်ပြခဲ့တာလည်းတွေ့ရပါတယ်။
“ပင်လုံကတိကဝတ် စာချုပ်ဖြစ်လာဖို့ ကချင်နဲ့ ရှမ်းခေါင်းဆောင်များ ကြိုးပမ်းခဲ့တာတွေက သမိုင်းမှာ မေ့ဖျောက်လို့မရတဲ့ ဖြစ်ရပ်တခုဖြစ်ပါတယ်။ အာဏာသိမ်းစစ်အစိုးရက အချိန်အကြာ အတူတကွ နေထိုင်လာခဲ့တဲ့ ရှမ်းနဲ့ ကချင်ကြားမှာ သွေးထိုးလှုံ့ဆော်ပြီး ပဋိပက္ခ ဖြစ်အောင် လုပ်နေပါတယ်။၂၀၂၁ ခုနှစ် နောက်ပိုင်း ဒီလိုဖြစ်ရပ်တွေ ပိုမိုဆိုးရွားလာတာကို မြင်တွေ့လာရပါတယ်။ ရှမ်းနီ စစ်တပ် SNA ဆိုတဲ့ အမည်နာမကို ချုပ်ကိုင်ပြီး စစ်ရေးတိုက်ခိုက်တာတွေ ဖြစ်ပေးလာတာက ခိုင်မာတဲ့ သက်သေတွေ ဖြစ်နေပါတယ်” လို့ KIO ဥက္ကဋ္ဌ က ပြောကြားခဲ့ကြောင်း KNGက ဖော်ပြထားပါတယ်။
ရှမ်းနီတပ်မတော်(SNA)ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ အတူတွဲပြီး စစ်ရေးဖော်ဆောင်မှုတွေလုပ်ဆောင်လျက်ရှိရာ ကချင်-စစ်ကိုင်းအစပ်ဒေသတွေမှာ KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေ မကြာခဏ ရှိခဲ့ပါတယ်။



















































