Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ဒုက္ခကြုံနေတဲ့ အီရန် သင်္ဘောသား ၄၀ ကို သီရိလင်္ကာ ကယ်ဆယ်ရွှေ့ပြောင်းပေး

ပင်လယ်ပြင်မှာ ဒုက္ခရောက်နေကြောင်း အကူအညီ တောင်းခံခဲ့တဲ့ အီရန် သင်္ဘောသား ၄၀ ကို ကူညီကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ကြောင်း သီရိလင်္ကာ အစိုးရက အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - AP/File

ပင်လယ်ပြင်မှာ ဒုက္ခရောက်နေကြောင်း အကူအညီ တောင်းခံခဲ့တဲ့ အီရန် သင်္ဘောသား ၄၀ ကို ကူညီကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ကြောင်း သီရိလင်္ကာ အစိုးရက အတည်ပြုခဲ့ပါတယ်။

အီရန်သင်္ဘောတွေပေါ်က သင်္ဘောသား စုစုပေါင်း ၄၀ ဟာ သီရိလင်္ကာ ကမ်းရိုးတန်းနားက အိန္ဒိယာ သမုဒ္ဒရာ ရေပြင်မှာ အခက်အခဲတွေ ကြုံတွေ့နေကြောင်း အကူအညီ လှမ်းတောင်းလို့ သွားရောက် ကယ်ဆယ်ခဲ့ပြီး အီရန်နိုင်ငံရဲ့ မြို့တော် တဟီရန်ဆီ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း အောက်တိုဘာ ၂၅ ရက်နေ့မှာ သီရိလင်္ကာ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောကြားသွားပါတယ်။

ဒါပေမဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ သူရှာရာ ရိုဒရီဂိုက ဘယ်သင်္ဘောတွေပေါ်က အီရန် သင်္ဘောသားတွေကို ကယ်ထုတ်ပေးခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မှတ်ချက်မပေးခဲ့ပါဘူး။ ဒေသခံ မီဒီယာတွေကတော့ အမေရိကန် ပိတ်ဆို့ အရေးယူမှုတွေ ကြုံနေတဲ့ အီရန် ကုန်တင်သင်္ဘောတွေနဲ့ ရေနံတင် သင်္ဘောတွေပေါ်က အမှုထမ်းတွေက အကူအညီ တောင်းခံခဲ့တာ ဖြစ်နိုင်ကြောင်း ဖော်ပြကြပါတယ်။

အကူအညီ တောင်းခံမှုတွေကို လက်ခံရရှိတဲ့နောက် အီရန်သံရုံးနဲ့ သီရိလင်္ကာ အာဏာပိုင်တွေ ညှိနှိုင်းပြီး ဒေသခံ ရေကြောင်းပို့ဆောင်ရေး အေဂျင်စီ တစ်ခုရဲ့ ရေယာဉ်တွေကို အီရန် သင်္ဘောတွေဆီ စေလွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

သီရိလင်္ကာ ကမ်းခြေဆီ ပြန်လည် ခေါ်ယူလာတဲ့ အီရန်သင်္ဘောတွေကို လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေးနဲ့ တခြား စာရွက်စာတမ်း ကိစ္စတွေ စိစစ်ခဲ့တယ်လို့ ရိုဒရီဂိုက ဆိုပါတယ်။ အောက်တိုဘာ ၂၆ ရက် မနက်အစောပိုင်းမှာတော့ အီရန် သင်္ဘောသားတွေဟာ တဟီရန်ကို လေကြောင်းကနေ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

ဟောမုဇ် ရေလက်ကြားထဲ အီရန်သင်္ဘောတွေ ဝင်ရောက်ခွင့်ကို အမေရိကန်က ရေတပ်အင်အား ဖြန့်ကျက်ပြီး ပိတ်ဆို့ထားတဲ့နောက် အီရန် ရေနံတင်သင်္ဘော တချို့ဟာ သီရိလင်္ကာ ကမ်းလွန် ရေပြင်မှာ လနဲ့ချီ ဆိုက်ကပ် ရပ်နားထားရပြီး အိမ်ပြန်ခွင့် မရဘဲ အခက်ကြုံနေခဲ့ကြပါတယ်။

ပင်လယ်ထဲမှာ ဒုက္ခရောက်နေတဲ့ သင်္ဘောသားတွေရဲ့ အခြေအနေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ပိုဆိုးလာပြီး ကမ်းခြေနဲ့ ရေမိုင် ၂၄ မိုင်လောက် အကွာမှာ ရှိနေတဲ့ အီရန် သင်္ဘော ၁၉ စီးပေါ်မှာ စားနပ်ရိက္ခာ၊ သောက်ရေနဲ့ လောင်စာဆီ ပြတ်လပ်မှုတွေ ဆိုးဆိုးရွားရွား ကြုံလာနေကြောင်း သီရိလင်္ကာ အရာရှိတွေက ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းကတော့ သီရိလင်္ကာ အစိုးရက အဲဒီ ဒုက္ခကြုံနေတဲ့ အီရန်သင်္ဘောတွေကို အကူအညီပေးဖို့ လတ်တလော အစီအစဉ် မရှိသေးဘူးလို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။ ပြီးတော့ အစိုးရ အနေနဲ့ အကူအညီ တစ်ခုခု မကမ်းလှမ်းခင်မှာ အမျိုးသား အကျိုးစီးပွား ကဏ္ဍကို ဦးစားပေး စဉ်းစားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အကြောင်းကတော့ အီရန်ရေယာဉ်တွေကို အကူအညီပေးတဲ့ နိုင်ငံဟာ အမေရိကန်ရဲ့ နောက်ဆက်တွဲ ပိတ်ဆို့အရေးယူမှုတွေ ကြုံလာနိုင်ခြေ ရှိနေတာကြောင့် ဖြစ်ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သီရိလင်္ကာ နိုင်ငံမှာ ထောင်ဆူမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်း နှစ်ဒါဇင်ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မေလရဲ့ ပထမဆုံး သီတင်းပတ်မှာတင် အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နိုင်ငံခြားသား ၂၆၀ ကျော်ကို သီရိလင်္ကာက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်ချေးငွေနဲ့ တည်ဆောက်ခဲ့ပြီး ဆိုးဆိုးရွားရွား အရှုံးပေါ်နေတဲ့ လေဆိပ်တစ်ခုကို ရောင်းချနိုင်ဖို့ သီရိလင်္ကာ အစိုးရက ဝယ်လိုက်တွေ လိုက်ရှာနေပါတယ်။

သတင်း

ပြည်တွင်း လောင်စာသုံးစွဲမှု လျှော့ချရေး အစီအမံ တစ်ခုအနေနဲ့ သီရိလင်္ကာ အစိုးရဟာ တစ်ပတ်ကို ၄ ရက်ပဲ ရုံးတက်စေဖို့ ညွှန်ကြားလိုက်ပါတယ်။