ရုရှားဆီက ဒုံးကျည် ပစ်ခတ်မှုတွေကို အမေရိကန်က စောင့်ကြည့်ပြီး ကြိုတင်သတိပေးတဲ့ စနစ်ဟာ အပြည့်အဝ ပြန်ပြီး လည်ပတ်နေပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက အမေရိကန်ဟာ အဲဒီလို ကြိုတင် သတင်းထောက်လှမ်းပြီး သတိပေးတဲ့ အကူအညီတွေကို ဆိုင်းငံ့ထားခဲ့ကြောင်း ယူကရိန်းက စွပ်စွဲ ပြောကြားခဲ့ပါတယ်။ အလားတူ ယူကရိန်းက တာဝေးစစ်ဆင်ရေးတွေမှာ အသုံးပြုနေတဲ့ အမေရိကန် အင်တာနက် အထောက်အပံ့စနစ် Starlinkမှာလည်း မြန်နှုန်း နှေးကွေးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ Starlinkက ပုံမှန် ပြန်အလုပ်လုပ်နေလို့ ယူကရိန်းက အတည်ပြုခဲ့ပြီး အောက်တိုဘာ ၂၅ ရက်နေ့မှာတော့ အမေရိကန်ဆီက လေကြောင်းအန္တရာယ် သတိပေး အထောက်အပံ့ စနစ်လည်း အပြည့်အဝ ပြန်ပြီး အသက်ဝင်နေပြီဖြစ်ကြောင်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုရှားရဲ့ ဒီဇယ်ဆီတွေကို ဝယ်ယူဖို့ ညှိနှိုင်းခဲ့သလို ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးခဲ့တဲ့အပေါ် ဇီလန်စကီးက ဝေဖန်ခဲ့တဲ့နောက် အမေရိကန်-ယူကရိန်း ဆက်ဆံရေးမှာ တင်းမာမှုတချို့ ဖြစ်ပေါ်ခဲ့ပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ထရမ့်စေလွှတ်တဲ့ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်နဲ့ ဇီလန်စကီးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး Starlinkကိစ္စနဲ့ လေကြောင်းကာကွယ်ရေး ကြိုတင်သတိပေး စနစ်တွေ အကြောင်းကို ထည့်သွင်း စကားပြောဖြစ်ခဲ့ကြောင်း ဇီလန်စကီးက ဆိုပါတယ်။
ယူကရိန်းစစ်ပွဲ ရပ်စဲရေးအတွက် အမေရိကန်က ကြားဝင်စေ့စပ်ပေးပြီး ရုရှား-ယူကရိန်း-အမေရိကန် သုံးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းမှုတွေ ဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့တော့ ဇီလန်စကီးက ယူကရိန်းဟာ စစ်ပြေငြိမ်းမှုအတွက် တပ်အင်အား ကန့်သတ်ဖွဲ့စည်းဖို့၊ စစ်ပွဲနောက်ပိုင်း ကြားနေဝါဒကိုပဲ ကျင့်သုံးဖို့ ဆိုတာတွေကို ကတိပေးမထားခဲ့ကြောင်း ပြောပါတယ်။
နောက်ပြီး သူနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တိုက်ရိုက် ဆွေးနွေးဖို့ အမေရိကန်က ညှိနှိုင်းပေးရေးကိုလည်း ဇီလန်စကီးက ထပ်လောင်း တွန်းအားပေးခဲ့ပါတယ်။ ပူတင်ဟာ ရုရှားနဲ့ ပတ်သက်တဲ့ အရေးပါတဲ့ ကိစ္စ အဝဝကို တစ်ဦးတည်း ဆုံးဖြတ်နေသူ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
စစ်ပြေငြိမ်းဖို့ဆိုရင် ရုရှားက လက်ရှိ ထိန်းချုပ်ထားတဲ့ ယူကရိန်းပိုင်နက် ငါးပုံတစ်ပုံစာ နယ်မြေတွေကို ယူကရိန်းက အပြီးတိုင် လက်လွှတ်ပေးရမယ် ဆိုတာမျိုး ရုရှားဖက်က တောင်းဆိုထားပါတယ်။ ဇီလန်စကီးကတော့ ထိန်းချုပ်နယ်မြေ ပိုင်းခြားသတ်မှတ်ရေးဆိုတဲ့ ကိစ္စတွေဟာ နှစ်ဖက် ခေါင်းဆောင်တွေချင်း ထိပ်တိုက် ဆွေးနွေးရမယ့် အခြေအနေ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။
ကိုးကား: Reuters





















































