Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းအနောက်ခြမ်းမှာ စစ်တပ် စစ်ကြောင်းဆက်ထိုးပြီး ဒေသခံတွေရဲ့ပစ္စည်းသိမ်းယူနေ

​စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်က ဒုဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် ကျေးရွာတွေကို ၁၀ ရက်ဆက် စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဖမ်းဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မသိမ်းယူတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

(ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်ကိုင်းမြို့နယ် အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းထိုးစဥ် တိမ်းရှောင်ခဲ့ရတဲ့ပြည်သူတွေကို တွေ့ရစဥ်။ ဓါတ်ပုံံ-CJ)

အောက်တိုဘာ-၂၈၊ ၂၀၂၆။ ဟာနာဆန်၊ ကတ်သရင်း/People’s Spring

​စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်က ဒုဗိုလ်မှူးကြီး ဖမ်းဆီးခံရပြီးနောက် ကျေးရွာတွေကို ၁၀ ရက်ဆက် စစ်ကြောင်းထိုးနေပြီး ပြည်သူတွေကို ဖမ်းဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မသိမ်းယူတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

​အုန်းတောအခြေစိုက် အမှတ် (၇၂) သံချပ်ကာတပ်ရင်းက ဒုတိယ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇော်မျိုးတင့်ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး စစ်ကိုင်းမြို့၊ ငါးထပ်ကြီးဘုရား အနောက်ဘက်ခြမ်း၊ အနောက်တာရှိ ကျေးရွာတွေနဲ့ ရွာသစ်ကြီးမြို့၊ အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်တပ်က ​အောက်တိုဘာ ၁၉ ရက်ကနေ ဒီကနေ့ အောက်တိုဘာ ၂၈ ရက်အထိ ၁၀ရက်ဆက် စစ်ကြောင်းထိုးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ကျေးရွာတွေဝင်ရောက်နေတဲ့ စစ်တပ်ခြေလျင်စစ်ကြောင်းဟာ ကျေးရွာက နေအိမ်တွေဆီကနေ ဖုန်းတွေ၊ ငွေသားတွေကို အတင်းအဓမ္မ ယူသွားပြီး ပြည်သူတွေ ဝတ်ဆင်ထားတဲ့နားကပ်တွေကိုတောင် အတင်းအဓမ္မ ချွတ်ယူသွားခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရွာသစ်ကြီးကျေးရွာအနောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်သားတွေကလည်း ကျေးရွာ​တွေက ပြည်သူပိုင် ပစ္စည်းတွေကို အဓမ္မသိမ်းနေပြီး ရွာသစ်ကြီးကျေးရွာ အနောက်ဘက်ခြမ်းရှိ ကျေးရွာ ၁ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အနောက်တာရွာဘက်ရှိ နေအိမ်​တွေကို တစ်အိမ် ၃၀ဝ၀၀ ကျပ်နှုန်း ကောက်ခံသွားကြောင်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

“စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားအနောက်ဘက်ခြမ်းက ရွာတွေဘက်ကို ထိုးနေတဲ့ စစ်ကြောင်းကတော့ အင်အား ၂၅၀ ခန့်ပေါ့။ ရွာသစ်ကြီးကျေးရွာရဲ့ အနောက်ဘက်ခြမ်းကရွာတွေကို ထိုးနေတဲ့စစ်ကြောင်းရဲ့ အင်အားကတော့ အတိအကျ မသိရသေးဘူး။ စစ်ကိုင်း ငါးထပ်ကြီးဘုရား အနောက်ဘက်ခြမ်းထိုးတဲ့ စစ်ကြောင်းကတော့ အုန်းတောအခြေစိုက် ၇၂ သံချပ်ကာ တပ်က ကောင်တွေရယ် (သူတို့က ဇော်မျိုးတင့် တပ်က)စစ်ကိုင်း တပ်မ ၃၃ က ကောင်တွေရယ်”လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အဲဒီ စစ်ကြောင်းဟာ ပြည်သူတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေပြီး ဒီကနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံအချို့က ပြောပါတယ်။ လက်ရှိမှာ စစ်ကြောင်းက နေပူကုန်းရွာဘက်ကို စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။

​ငါးထပ်ကြီးဘုရားအနောက်ဘက်ခြမ်း၊ အနောက်တာကျေးရွာတွေကို အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ Mi-35 ရဟတ်ယာဉ်နဲ့ ၂ ရက်ဆက် ၁၀ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ စေတီပုထိုးတွေနဲ့ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီး နွားအချို့ပါ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်က စစ်ကိုင်းမြို့နယ် အနောက်ခြမ်း၊ အုန်းတောအခြေစိုက် အမှတ် (၇၂)သံချပ်ကာတပ်ရဲ့ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ကံတလူကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်အနီးမှာ တော်လှန်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ဗိုလ်မှူးကြီး ဇော်မျိုးတင့်က ရဲဘော်ရဲ့သေနတ်ကိုလုယူပြီး ခုခံထွက်ပြေးဖို့ပြုလုပ်တာကြောင့် ပစ်ခတ်လိုက်ရကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။ အဲဒီနောက်မှာတော့ စစ်တပ်က စစ်ကိုင်းမြို့နယ်အနောက်ခြမ်းကို ဒီကနေ့အထိ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

“စစ်‌ကြောင်းနှစ်ကြောင်းတပြိုင်တည်းထိုးတာ။ သူတို့က အနံ့ခံပြီးလိုက်တဲ့ သဘောပေါ့ဗျ။ ပိုက်စိတ်တိုက်ပြီးရှာနေတာ။ အလောင်းပဲရရ အလောင်းကို ပြန်ယူတဲ့ပုံစံမျိုးပဲ။ အဲတာကြောင့်မို့ အခုထိမထွက်ဘူး။ တောနင်းလိုက် ပြန်ဝင်လိုက် ပြန်ထိုးလိုက်ပဲ”လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်ပြီး ဒေသခံ ပြည်သူတွေ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ် သတိပြုကြဖို့ တော်လှန်ရေး အင်အားစုတွေ သတိပေး

သတင်း

စစ်ကိုင်းမြို့မှာ စစ်တပ်က ကုန်တင်ကားပေါ်က စပယ်ယာလူငယ်တစ်ဦးကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

ပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေတဲ့ စစ်ကိုင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ဘုရားပွဲတော်တွေ ပြန်လည်ကျင်းပခိုင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ စစ်ကိုင်းမြို့က ရဲလေ့ကျင့်ရေးကျောင်း သင်တန်းဆင်းပွဲ ပြုလုပ်နေချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။