အောက်တိုဘာ ၂၉၊ ၂၀၂၆။ရွှေပြည်စိုး၊ ထားမြတ်/People’s Spring
ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ရဲ့ စစ်သုံ့ပန်းစခန်းကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရတဲ့ စစ်သား ၁၀ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ(CC) ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောပါတယ်။
အောက်တိုဘာ ၂၈ရက်ညပိုင်းမှာ စစ်တပ်က ချင်းပြည်ကောင်စီ အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ CDF ဟားခါးရဲ့ အကျဉ်းစခန်းနေရာကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” လာကြဲတော့ အကျဉ်းသားတွေထားတဲ့ အဆောက်အအုံ သုံးလေးခုလောက် အကုန်လုံးပျက်စီးတယ်။ ပြီးတော့ အကျဉ်းသားတွေ ၁၀ယောက်လောက်သေတယ်။ ဒဏ်ရာရတဲ့သူလည်းရှိတယ်။ များတယ်” လို့ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောပါတယ်။

Public Service Announcement
အကျဉ်းစခန်း တည်ရှိရာနေရာကို သိလျက်တမင်ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတာလို့ ယူဆကြောင်းသူက ပြောပါတယ်။
” ကျနော်တို့ကို တိုက်ခိုက်တာတွေမလုပ်ဘဲနဲ့ သူတို့ အကျဉ်းသားတွေကို ပြန်ပြီးတော့ တိုက်ခိုက်တဲ့ သဘောမျိုးရှိတယ်။ ဒီဟာလည်း စဉ်းစားဖို့တော်တော်လေးလိုတယ်။ ရက္ခိုင်ပြည်ဘက်မှာ ဖြစ်တဲ့ ဟာတွေရော ဒီပြင်ကျန်တဲ့ အခြားအဖွဲ့တွေမှာ လေယာဉ်ဗုံးကြဲတဲ့ဟာတွေ ကျနော်တို့ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေထားတဲ့နေရာ တော်တော်များများ ဖြစ်လာတဲ့ဟာတွေက စဉ်းစားစရာတော့ အများကြီးရှိတာပေါ့။ဗုံးကြဲသွားတဲ့နေရာတွေက ကျသွားတဲ့ အကျဉ်းသားတွေအတွက်လည်း တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ အဓိကတော့ သူတို့ အကျဉ်းသားတွေကိုပစ်မှတ်ထားပြီးတော့မှ အကုန်လုံးလိုက်ဗုံးကြဲတဲ့နေရာတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ သူတို့ အကျဉ်းသားတွေကို ပြန်ပြီးမှ ပစ်မှတ်ထားတဲ့ သဘောမျိုးတော့ရှိတာပေါ့” လို့ နိုင်ဂျွန်ကိန်းက ပြောကြားပါတယ်။
ချင်းကာကွယ်ရေးရဲဘော်တစ်ဦးကတော့ စစ်တပ်ဟာ လေကြောင်းဗုံးကြဲတာအပြင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
” အဲ့ဒီစခန်းကိုပစ်မှတ်ထားပြီး အကြိမ်ကြိမ်ကြဲတာ။ ရော့ကတ်နဲ့လည်း ပစ်တယ်ပေါ့။သေဆုံးတာလည်း များတယ်။ စခန်းလည်းတော်တော်ပျက်စီးသွားတယ်”လို့ သူက ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုမှာ အကျဉ်းစခန်းအပျက်အစီးများပြားခဲ့ပြီး စစ်သုံ့ပန်း ၁၀ ဦးသေဆုံးသလို ၅ ဦးဒဏ်ရာရသွားတယ်လို့ CDF Hakha ဥက္ကဌ Salai Hram Lian က ဒေသအခြေစိုက်ခိုနူမ်းသုန်သတင်းဌာနကိုဖြေကြားထားပါတယ်။ The Chinland Post ကလည်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ထိခိုက်ပျက်စီးနဲ့ သေဆုံးမှု မှတ်တမ်းဓာတ်ပုံတွေဖော်ပြခဲ့ပါတယ်။ စစ်တပ်က တိုက်လေယာဉ် အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ လည်း ဖော်ပြထားပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ဖြစ်ပွားတဲ့တိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။တော်လှန်ရေးတပ်တွေရဲ့ စစ် သုံ့ပန်းစခန်းတွေကို ပစ်မှတ်ထားပြီး စစ်တပ်က လေကြောင်းကနေမကြာခဏ ဗုံးကြဲနေပါတယ်။ စစ်သုံ့ပန်းစခန်းတွေကိုဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုအများဆုံးက အာရက္ခတပ်တော်( AA) ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်း တိုက်ခိုက်မှုဖြစ်ပါတယ်။
AA ထိန်းချုပ်ဒေသက အကျဉ်းစခန်း ၁ခုကို စစ်တပ်က ၂၀၂၆ မတ်လ ၈ ရက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိအများအပြားအပါအဝင် စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးပြီး (၃၂) ဦး ဒဏ်ရာရသလို အရပ်ဖက်သုံ့ပန်းတချို့လည်း ထိခိုက်သေဆုံးတယ်လို့AAက ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးတပ်တွေဖမ်းမိထားတဲ့ စစ်တပ် သတင်းပေးအချို့ရဲ့ ထွက်ဆိုချက်အရ စစ်တပ်ဟာ တော်လှန်ရေးနယ်မြေက စစ်ရေးပစ်မှတ်တွေကို စုံစမ်းခိုင်းရာမှာ တော်လှန်ရေးတပ် အရာရှိတွေနေထိုင်ရာနောက်တန်းဌာနချုပ်နေရာ၊ စစ်သုံ့ပန်းတွေထားရှိရာ အကျဉ်းစခန်းနဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေ ကို အဓိက စုံစမ်းခိုင်းပြီး လေကြောင်း တိုက်ခိုက်လေ့ရှိတယ်လို့ ဆိုပါတယ်။





















































