နိုဝင်ဘာ ၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒူးထောက်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ မိသားစုဝင် ၄ ဦး ထိခိုက်ခဲ့ပြီး မိခင်ဖြစ်သူ သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က အောက်တိုဘာ ၃၁ ရက် ညနေ ၅ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ ဒူးထောက်ကျေးရွာကို မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ ပါရာမော်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ မိသားစုဝင် လေးဦး ဒဏ်ရာရတဲ့အနက် တစ်ဦးသေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
“ပြည်သူ အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရတယ်လို့ သိရပါတယ်။ ဘာတိုက်ပွဲမှ မရှိပါဘူး”လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုမှာ မိခင်ဖြစ်သူ အသက်၄၅နှစ်ခန့် မိခင်ဖြစ်သူ သေဆုံးခဲ့ရပြီး အသက်၄၅နှစ်အရွယ် ၎င်းရဲ့အမျိုးသားနဲ့ အသက်၁၂နှစ်နဲ့ အသက်၁၇နှစ်ခန့်ကလေးငယ်နှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒူးထောက်ရွာဟာ ဆားလင်းကြီးမြို့ရဲ့ မြောက်ဘက် တစ်မိုင်ခန့်အကွာမှာတည်ရှိပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။




















































