Connect with us

Hi, what are you looking for?

သတင်း

CI ဖျက်သိမ်းရေးဆန္ဒပြစဉ် လာ​ရောက်အကြမ်းဖက်သူတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားမယ်

ဆန္ဒပြပွဲ အကြမ်းဖက်သူ​တွေကိုစုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ အရေးယူဖို့ ထိုင်းပြည်သူ့ပါတီအမတ်တိုက်တွန်း

(ဆန္ဒပြ​နေတဲ့ မြန်မာလုပ်သား​တွေရဲ့ Bright Future ကွန်ယက်မှဆန္ဒပြ​ခေါင်း​ဆောင်ကို နှုတ်ခမ်း​မွေးအဖွဲ့က အကြမ်းဖက်တိုက်ခိုက်စဥ်။ ဓါတ်ပုံ-​ပေးပို့)

နိုဝင်ဘာ-၁၊ ၂၀၂၆။နေ့သစ်၊သတိုး/People’s Spring

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က UN ရုံးရှေ့မှာ မြန်မာလုပ်သားအ​ရေးအတွက်ဆန္ဒပြစဥ် လာ​​ရောက်​နှောက်ယှက်ပြီးအကြမ်းဖက်ထိုးကြိတ်ခဲ့တဲ့ ထိုင်းအမျိုးသားရေးဆိုသူတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားသွားမယ်လို့ ကျူးလွန်ခံရသူ Bright Future က ဆူရတ်ဂ်ျဂီရီက လူထုနွေဦးကို ပြောပါတယ်။

နိုဝင်ဘာ ၁ရက် နံနက် ၁၁နာရီခန့်မှာ ထိုင်း​ရောက်မြန်မာလုပ်သား​တွေစုစည်းထားတဲ့ Bright Future ရဲ့ဆူရတ်ဂ်ျဂီရီအပါအဝင် မြန်မာလုပ်သား​တွေက CIဖျက်သိမ်း‌ပေးရေး၊ ပန်းရောင်ကတ်တစ်မျိုးတည်းနဲ့ နေထိုင်လုပ်ကိုင်ခွင့်ပေးရေး၊ စစ်တပ်ဆီ အခွန်မ​ဆောင်​ရေး ၊ဖက်ဒရယ်ဒီမိုက​ရေစီရရှိ​ရေး ၊စစ်အာဏာရှင်စနစ်ကျရှုံး​ရေး စတဲ့​ကြွေး​ကြော်သံ​တွေ ​ကြွေး​​ကြော်ပြီး UN ရုံးရှေ့မှာ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

စတင်ဆန္ဒပြလို့ မိနစ် ၂၀ ​​ကျော်အကြာမှာ ထိုင်းအမျိုးသားရေးအစွန်း​ရောက်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)က နှုတ်ခမ်းမွှေး(နာမည်ပြောင်)ရဲ့ အဖွဲ့က လူ ၁၀ဦးလောက်က ဆန္ဒပြပွဲဦး​ဆောင်သူ ဆူရတ်ဂ်ျဂီရီကို အကြမ်းဖက်ထိုးကြိတ်ခဲ့ကြတယ်လို့ ဆူရတ်ဂ်ျဂီရီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တရားဝင်ခွင့်ပြုချက်နဲ့ တရားဥပဒေနဲ့အညီ ဆန္ဒထုတ်ဖော်မှုအပေါ် အကြမ်းဖက်ခဲ့ကြသူတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (National Human Rights Commission of Thailand – NHRCT) ထံ တိုင်ကြားသွားမယ်လို့ ဆူရတ်ဂ်ျဂီရီက ပြောပါတယ်။

” ထိုင်းအဖွဲ့အစည်းတွေကတော့ MWG (Migrant Working Group) သူတို့က ကိုယ့်ဘက်မှာရပ်တည်တယ်။သူတို့က ဒီလိုလုပ်တာကို ရှုတ်ချတယ်။ အဲဒါတော့ သူတို့ လုပ်ထားတယ်။ ဘယ်လိုပြောမလဲဗျာ။ ကိုယ်တို့က ဒီလိုဖြစ်သွားတဲ့နောက်ပိုင်းမှာ လူ့အခွင့်အရေးတို့ အလုပ်သမားအရေးပေါ့ သူတို့ကလည်း နောက်ထပ် သံအမတ်။ အခုက လိ‌မ္မော်ရောင်ပါတီ။ သူတို့ကလည်းသူတို့ပါတီကိုက ပို့စ်တင်ပေးထားတာတွေရှိတယ်ဗျာ။ ကိုယ့်ဘက်မှာရပ်တည်ပေးတာ။ လိမ္မော်ရောင်ပါတီကိုယ်တိုင်ကိုက ရပ်တည်ပေးတာတွေရှိတယ်ဆိုတော့ ကျေးဇူးတင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က ထိုင်းတွေက ချစ်စရာကောင်းပြီးသား။ ထိုင်းတွေက သူတို့ကအေးဆေးပဲ။ ချစ်စရာကောင်းပြီးသား။ လူ့အခွင့်အရေးဘက်က လူတွေက ။ လူ့အခွင့်အရေးကိုလည်း သွားရမယ်”လို့ ဆူရတ်ဂ်ျဂီရီက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အတိုက်အခံပါတီက လွှတ်တော်အမတ်တစ်ဦးက အပြင်းအထန်ရှုတ်ချခဲ့ပြီး နိုင်ငံရေးအမြင် သဘောထားကွဲလွဲမှုတွေကြောင့် အကြမ်းဖက်ရိုက်နှက်ခွင့် မရှိကြောင်း ပြောဆိုခဲ့ပါတယ်။ တာဝန်ရှိသူတွေကိုလည်း လူမျိုးမခွဲခြားဘဲ စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ အရေးယူဖို့ တိုက်တွန်းခဲ့ပါတယ်။

Migrant Working Group(ရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့ -MWG)ကလည်း ကန့်ကွက်ကြောင်း စာထုတ်ပြန်ထားပါတယ်။

ထိုင်းအတိုက်အခံပါတီဖြစ်တဲ့ ပြည်သူ့ပါတီ (People’s Party) မှ ဘန်ကောက်လွှတ်တော်အမတ် Sasinan Thamnithinan ကလည်းဆန္ဒပြသူ​တွေကို ​နှောက်ယှက်တိုက်ခိုက်တဲ့ဖြစ်ရပ်မျိုးဟာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ လုံးဝမဖြစ်သင့်ဘူးလို့ ပြောဆိုပြီး ရှုတ်ချခဲ့ပါတယ်။

ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ၊ အကြမ်းဖက်ခံရသူဟာ ထိုင်းနိုင်ငံသားဖြစ်စေ၊ ရွှေ့ပြောင်းအလုပ်သမားဖြစ်စေ လူတိုင်းဟာဥပဒေအောက်မှာတန်းတူညီမျှတဲ့အကာအကွယ်ရပိုင်ခွင့်ရှိတယ်လို့ သူက ပြောပါတယ်။

ဆန္ဒပြပွဲမှာ ဥပဒေချိုးဖောက်မှုရှိတယ်လို့ ယူဆရင်လည်း ဥပဒေနဲ့အညီ မျှမျှတတ ဖြေရှင်းရမှာဖြစ်ပြီး လမ်းပေါ်မှာ ကိုယ်ထိလက်ရောက် အကြမ်းဖက်တာမျိုး မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ဒါ့အပြင် ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေဟာ ရိုက်နှက်မှုကို တားဆီးပြီး အဲဒီနေရာကနေ အကြမ်းဖက်ခံရသူကို ခေါ်ထုတ်ပေးရုံနဲ့ တာဝန်ပြီးဆုံးသွားတာ မဟုတ်ဘူးလို့လည်း ထောက်ပြခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာက CCTV မှတ်တမ်းတွေနဲ့ အခြားဗီဒီယိုမှတ်တမ်းတွေကို စစ်ဆေးဖို့၊ ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့နဲ့ သူတို့ရဲ့ ရာထူး၊ လူမျိုး၊ နိုင်ငံသားဖြစ်မှု၊ နိုင်ငံရေးအမြင်တွေကို မကြည့်ဘဲ ဥပဒေအရ အရေးယူဖို့ လိုအပ်တယ်လို့ သူကတိုက်တွန်းပါတယ်။

သူက ဆက်လက်ပြီး -“ဘုရင်စနစ်ကို ကာကွယ်တာဖြစ်စေ၊ ကိုယ့်နိုင်ငံရေးယုံကြည်ချက်ကို ဖော်ပြတာဖြစ်စေ ဒါတွေဟာ ဥပဒေအရ လူတိုင်းမှာ ရှိတဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေပါ။ ဒါပေမဲ့ ဘယ်လိုအယူအဆ၊ ဘယ်လိုယုံကြည်ချက်မျိုးကမှ ကိုယ့်ကိုယ်ကို ဥပဒေအထက်မှာ ရှိနေတယ်လို့ သတ်မှတ်ခွင့်မပေးနိုင်ပါဘူး။ သူတစ်ပါးကို ကိုယ်ထိလက်ရောက် အကြမ်းဖက်ဖို့လည်း အကြောင်းပြချက် မဖြစ်နိုင်ပါဘူး။ကိုယ်နဲ့အမြင်တူသူတွေကိုပဲ ဥပဒေက အကာအကွယ်ပေးပြီး အမြင်မတူသူတွေကို အကာအကွယ်မပေးဘူးဆိုရင် တရားဥပဒေစိုးမိုးရေးဆိုတာ အဓိပ္ပာယ်မရှိတော့ပါဘူး။အမြင်မတူလို့ ဖြစ်လာတဲ့ ပဋိပက္ခတွေကို အင်အားသုံးဖြေရှင်းတာမျိုး မဟုတ်ဘဲ ဥပဒေနဲ့ ကျိုးကြောင်းဆင်ခြင်မှုကို အသုံးပြုပြီး ဖြေရှင်းရမယ်လို့ ကျွန်မ အခိုင်အမာ ပြောချင်ပါတယ်” လို့ ပြည်သူ့ပါတီ အမတ်က သူမရဲ့​ဖေစ်ဘွလ်မှာ​ရေးသားထားပါတယ်။

ဆန္ဒပြပွဲကို လာရောက်ရန်ရှာသူတွေဟာ အာဏာသိမ်းစစ်အုပ်စု နဲ့ CI စခန်းတွေ လုပ်ကိုင်ခွင့်ရထားသူတွေရဲ့ စေခိုင်းမှုတွေကြောင့်လာ​ရောက်ရန်ရှာတာလို့ ဆူရတ်ဂ်ျဂီရီက သုံးသပ်ပါတယ်။

Bright Future (တောက်ပသောအနာဂတ်)ကွန်ယက်ဟာ လက်တလောမှာ ထိုင်းရောက်မြန်မာလုပ်သားတွေကို စစ်တပ်က လုပ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနဲ့ လုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ ပွဲစားတွေ ဖမ်းဆီးအရေးယူပေးရေး ပြီးခဲ့တဲ့ အောက်တိုဘာ ၇ရက်က ထိုင်းအောက်လွှတ်တော်အလုပ်သမားရေးရာကော်မတီထံသွားရောက်တောင်းဆိုခဲ့ပါတယ်။

Bright Futureအဖွဲ့ နဲ့ဆူရတ်ဂ်ျဂီရီဟာ ထိုင်းရောက်မြန်မာလုပ်သားတွေအရေးစဥ်ဆက်မပြတ် တောင်းဆိုဆန္ဒပြနေသူတစ်ဦးဖြစ်ပါတယ်။အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်မြို့သွားရောက်ချိန်တိုင်းကန့်ကွက်ကြောင်း ဆန္ဒပြခဲ့သူ ဖြစ်ပါတယ်။အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်လာတဲ့အပေါ် ကုလသမဂ္ဂ UNရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြတဲ့ Bright Futureအဖွဲ့ နဲ့ဆူရတ်ဂ်ျဂီရီကို ထိုင်းနှုတ်ခမ်းမွှေးအဖွဲ့ကရန်ရှာခဲ့ကြပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

နှုတ်ခမ်း​မွှေးရဲ့ PDRC အဖွဲ့ဝင်​တွေက ဆန္ဒပြပွဲဦး​ဆောင်တဲ့ဆူရတ်ဂ်ျဂီရီကိုထိုးကြိတ်ခဲ့

သတင်း

မြန်မာ-ထိုင်းနယ်စပ်တိုက်ပွဲ​တွေမှာ စစ်တပ်က ထိုင်းနိုင်ငံကတဆင့် KNUကို ဖိအားပေးဖို့ ထိုင်းနိုင်ငံဘက်ကို ရည်ရွက်ချက်ရှိရှိနဲ့ လက်နက်ကြီးကျည်တွေပစ်ခတ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ထိုင်းဖက်ခြမ်းက အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု ကြုံတွေ့ခဲ့တယ်လို့ သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာတရုတ်အလုပ်ရှင်ကိုသတ်ဖြတ်ခဲ့မှုအတွက် အလိုရှိနေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၄ ဦးကအဖမ်းခံခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။