Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်နဲ့ဆက်ဆံမှု စစ်တပ်ရဲ့အကြမ်းဖက်မှုရပ်တန့်ရေးအထောက်အကူ ပြု၊မပြု အပေါ် အကဲဖြတ်သင့်ဟု NLDနဲ့ ဖက်ဒရယ်ယူနစ်တွေ အာဆီယံထံစာပို့

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို အကောင်အထည်ဖော်နိုင်မယ့် နိုင်ငံရေးရလဒ်များ ဖော်ဆောင်ပေးဖို့ အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်းတဲ့ စာတစောင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်တိုင်း ဖက်ဒရယ်ယူနစ်တွေ ပူပေါင်းပြီး နိုဝင်ဘာ ၃ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ မည်သည့်တွေ့ဆုံမှုမျိုးမဆို စစ်တပ်ရဲ့ အကြမ်းဖက်မှု ရပ်တန့်ရေး အထောက်အကူပြုမပြု အပေါ် အကဲဖြတ်သင့်ကြောင်း အကြံပြုထားပါတယ်။

(ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာနဲ့ ပန်းဖဲချောင်းကျေးရွာ ဆက်သွယ်ထားတဲ့ တံတားကို စစ်တပ်က ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - AA)

နိုဝင်ဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို အကောင်အထည်ဖော်နိုင်မယ့် နိုင်ငံရေးရလဒ်များ ဖော်ဆောင်ပေးဖို့ အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်းတဲ့ စာတစောင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်တိုင်း ဖက်ဒရယ်ယူနစ်တွေ ပူပေါင်းပြီး နိုဝင်ဘာ ၃ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ရာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ မည်သည့်တွေ့ဆုံမှုမျိုးမဆို စစ်တပ်ရဲ့ အကြမ်းဖက်မှု ရပ်တန့်ရေး အထောက်အကူပြုမပြု အပေါ် အကဲဖြတ်သင့်ကြောင်း အကြံပြုထားပါတယ်။

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟာ အောက်တိုဘာလကုန်ပိုင်းမှာ စစ်အုပ်စုနဲ့ လာရောက် တွေ့ဆုံခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ NLDနဲ့ ဖက်ဒရယ်ယူနစ်အစိုးရ၊ လွှတ်တော် တွေ ပူးပေါင်းပြီး အာဆီယံခေါင်းဆောင်တွေထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

“မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းကြရာတွင် ထိတွေ့ဆက်ဆံမှုကိုယ်တိုင်သည် ရည်မှန်းချက်တစ်ခု မဖြစ်သင့်သကဲ့သို့ အဓိပ္ပာယ်ရှိသော တိုင်းတာနိုင်သည့် တိုးတက်မှုများ မရရှိ ဘဲ နိုင်ငံရေးတရားဝင်မှုကို ပေးအပ်သကဲ့သို့လည်း မဖြစ်သင့်ပါ။ စစ်အာဏာသိမ်းခေါင်းဆောင် များနှင့် မည်သည့် ထိတွေ့ဆက်ဆံမှုမျိုးကိုမဆို အကြမ်းဖက်မှုရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစု ကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်လာရေးတို့အတွက် အမှန်တကယ် အထောက်အကူပြုမှုရှိ၊ မရှိအပေါ် အခြေခံ၍ အကဲဖြတ်သင့်ပါသည်” လို့ စာမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာလကုန်ပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ဈေးအနီး လေကြောင်းတိုက်ခိုက်ခဲ့ရာ လူဦးရေ ၅၀ခန့်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်ဟာ အရပ်သားများကို ကာကွယ်စောင့်ရှောက်ရေးနဲ့ ကျူးလွန်မှုများအတွက် တာဝန်ခံမှု ရှိစေ ရေးတို့ လိုအပ်နေကြောင်း ထင်ရှားစေတယ်လို့လည်း အာဆီယံခေါင်းဆောင်တွေဆီ ပေးပို့တဲ့ စာမှာ ဖော်ပြပါတယ်။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေနဲ့ လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာစေဖို့ အာဆီယံအနေဖြင့် ပိုမို ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်အာဏာသိမ်း ခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံမှုတွေရဲ့ ဦးတည်ချက်အပေါ် စိုးရိမ်မိကြောင်းလည်း ဖော်ပြထားပါတယ်။

အဲဒီ ထိတွေ့ ဆက်ဆံမှုတွေဟာ မြန်မာပြည်သူများရဲ့ ဒီမိုကရေစီဆန္ဒနဲ့ မျှော်မှန်းချက်များကို ထင်ဟပ်တဲ့ လက်တွေ့နိုင်ငံရေးရလဒ်များ မကင်းကွာသွားစေဖို့ လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်ရာဇဝတ်မှု ဖြစ်နိုင်တဲ့ ပြင်းထန်သောချိုးဖောက်မှုများအတွက် တာဝန်ရှိတယ်လို့ စွပ်စွဲခံနေရသူများနဲ့ ထိတွေ့ဆက်ဆံရာမှာ တာဝန်ခံမှုရှိစေရေးကို အားနည်းစေခြင်း သို့မဟုတ် အပြစ်ပေး အရေးယူမှုမှ ကင်းလွတ်ခွင့်ရသကဲ့သို့ အဓိပ္ပာယ်သက်ရောက်စေခြင်း မရှိစေရကြောင်းလည်း ဖော်ပြပါတယ်။

“ထိုသို့သော အထင်အမြင်မျိုး ဖြစ်ပေါ်လာပါက အာဆီယံ၏ ယုံကြည်စိတ်ချရမှု၊ အဖွဲ့အစည်း ဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပါသည်” လို့လည်း သတိပေးထားပါတယ်။

ဒါကြောင့် အာဆီယံခေါင်းဆောင်များအနေနဲ့ စစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်-၂၆၆၉ ပါ ရည်မှန်းချက်များ၊ အာဆီယံဘုံသဘော တူညီချက် ၅ ရပ်ကို အပြည့်အဝအကောင်အထည်ဖော်ရေးတို့နဲ့ ကိုက်ညီစေရေး ဆောင်ရွက် ပေးဖို့ တိုက်တွန်းကြောင်း ရေးသားထားပါတယ်။

အဲဒီလို ဆောင်ရွက်ရာမှာလည်း မြန်မာနိုင်ငံမှာဒီမိုကရေစီ ပြန်လည် ထူထောင်ရေးနဲ့ လူ့အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးတို့ကို အားဖြည့်ပေးရန်သာ ဖြစ်ပြီး ယင်းရည်မှန်းချက်များကို ထိခိုက်စေခြင်း မဖြစ်စေရန် အလေးထားသင့်ကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မြန်မာပြည်သူများရဲ့ ဆန္ဒအပေါ် အခြေခံ၍ ပုံဖော်ရမည်ဖြစ်ကြောင်းလည်း စာမှာ ပါရှိပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ မြန်မာပြည်သူများရဲ့ ဒီမိုကရေစီဆန္ဒနဲ့ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်တဲ့ လက်တွေ့နိုင်ငံရေး တိုးတက်မှုများ အဖြစ် ဖော်ဆောင်ပေးနိုင်တဲ့ အခါမှသာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အာဆီယံခေါင်းဆောင်တွေဆီ အိတ်ဖွင့်ပေးစာပေးပို့မှုမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေကတော့ NLD ၊ ကယားပြည်နယ်လွှတ်တော် ၃ ရပ်ကိုယ်စားပြုကော်မတီ၊ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ချင်းပြည်( Chinland) လွှတ်တော်၊ ချင်းပြည်(Chinland) အစိုးရ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ၊ တနင်္သာရီတိုင်းလွှတ်တော်၊ ပဲခူးဖက်ဒရယ်ယူနစ်လွှတ်တော်၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ မန္တလေးဒေသလွှတ်တော်၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဧရာဝတီဖက်ဒရယ်ယူနစ်လွှတ်တော် တို့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook