Connect with us

Hi, what are you looking for?

သတင်း

မင်းဘူးမြို့နယ်က စစ်ခေါင်းဆောင်နဲ့နီးစပ်တဲ့ ခရိုနီတစ်ဦးပိုင် ကျောက်မီးသွေးလုပ်ငန်းခွင်ကို ပကဖ ရဲဘော်တွေ ဝင်ရောက်စစ်ဆေး

လုပ်ငန်းခွင်ဒုမန်နေဂျာ ပျူစောထီးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိ

နိုဝင်ဘာ-၄၊၂၀၂၆။ အိမ်သွင်/People’s Spring

စစ်ခေါင်းဆောင်နဲ့ ပုဂ္ဂိုလ်ရေးနီးစပ်ပြီး ကိုယ်ပိုင်လက်နက်ကိုင်အဖွဲ့နဲ့ လုံခြုံရေးယူလှုပ်ရှားနေတဲ့ မင်းဘူးမြို့နယ်က ခရိုနီတစ်ဦးပိုင် ကျောက်မီးသွေးလုပ်ငန်းခွင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော်တွေက ဝင်ရောက်စစ်ဆေးခဲ့ပြီး ပျူစောထီးသင်တန်းဆင်း ၁ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

မင်းဘူး-ပဒါန်းလမ်းအရှေ့ဘက်က (၂၇) မိုင် ကျောက်မီးသွေးဆိုဒ်ကို အောက်တိုဘာ ၂၈ရက် မှာ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး သတင်းအသေးစိတ်ဖြစ်စဉ်ကို ဒီနေ့နိုဝင်ဘာ ၄ရက်မှာ မင်းဘူးစကုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်တာဖြစ်ပါတယ်။

အဲဒီ ကျောက်မီးသွေးလုပ်ငန်းခွင်ဟာ မင်းဘူးမြို့က ခရိုနီ စိန်လင်းပိုင် ဖြစ်ပါတယ်။ စိန်လင်းဟာ ၁၉၉၀ ပြည်နှစ်တွေက ဓားပြဗိုလ်အဖြစ်လူသိများပြီး ခေတ်အဆက်ဆက် စစ်တပ်နဲ့အကျိုးစီးပွား ပူးပေါင်းလုပ်ဆောင်နေတဲ့သူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

၂၀၁၅မှာ NLD အစိုးရတက်လာချိန်မှာ ရာဇဝတ်မှုတွေနဲ့ဖမ်းဆီးခံရပြီး စစ်တပ် အာဏာသိမ်းပြီးနောက် လွတ်ငြိမ်းနဲ့ပြန်လွှတ်ပေးတဲ့သူဖြစ်တယ်လို့ သိရပါတယ်။

” စိန်လင်းက ဓားပြပဲ။ စစ်တပ်နဲ့ပဲ သူက ပေါင်းစားတာ။ ဦးသိန်းစိန်လက်ထက် မကွေးတိုင်းဝန်ကြီးချုပ်ဘုန်းမော်ရွှေရဲ့တပည့်။ အခုလည်း မင်းအောင်လှိုင်နဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးတယ်။ သူပိုင်တဲ့ ကျောက်မီးသွေးတွင်းတွေမှာ လူအခွင့်ရေချိုးဖောက်မှုတွေအများကြီးရှိတယ်”လို့ မကွေးမြို့ခံတစ်ဦးက ပြောပါတယ်။

စိန်လင်းက စစ်တပ်အရာရှိတွေနဲ့ဆက်ဆံရေးကောင်းမွန်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် မင်းဘူးမြို့လာရင် စိန်လင်းအိမ်မှာ ခေတ္တဝင်ရောက်တွေ့ဆုံလေ့ရှိတယ်လို့လည်း မင်းဘူးစကုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ပူးပေါင်းပြီး အဆမတန်ကြီးပွားလာကာ ၎င်းရဲ့အကျိုးစီးပွား ကာကွယ်ရေးအတွက် စစ်တပ်က လုံခြုံရေးပေးထားတဲ့အပြင် တပည့်တွေကိုလည်း လက်နက်တပ်ဆင်ပေးထားတယ်လို့ထုတ်ပြန်ထားပါတယ်။

” လူကောင်က ညှက်တယ်။ ဒါပေမယ့် လူသတ် ဓားပြတိုက်နေတဲ့သူဆိုတော့ သူ့ကိုကြောက်ကြတယ်။ ဘုရားပွဲတရားပွဲတွေမှာ ရှေ့ကပါတယ်။ ဒေသတွင်းမှာသြဇာကြီးတဲ့ဆရာတော်တွေနဲ့ ပေါင်းတယ်။ သူ့မှာကိုယ်ပိုင်လက်နက်ကိုင်အဖွဲ့ရှိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စိန်လင်းရဲ့ကျောက်မီးသွေးလုပ်ငန်းခွင်ကို ဝင်ရောက်စစ်ဆေးခဲ့စဉ် လုပ်ငန်းခွင် ဒုမန်နေဂျာဖြစ်တဲ့ ပျူစောထီးသင်တန်းဆင်း ချစ်ကောင်းဆိုသူကို ပစ္စတို ၃လက် (Sigsauer ပစ္စတိုအသစ် ၁လက်၊ Glock ပစ္စတိုအသစ် ၁လက်၊အဟောင်း၁လက်) ၊လက်ပစ်ဗုံး ၄လုံး၊ ပစ္စတိုကျည်ဆံ ၂၀၀ ဝန်းကျင်၊ ကျပ် ၈၉ သိန်းကျော်၊ ဖုန်း ၅ လုံး၊ ရွှေဆွဲကြိုး ၁ကုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့ မင်းဘူးစကုမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

Facebook