နို၀င်ဘာ-၄၊၂၀၂၆။ဇော်၀င်း/People’s Spring
ရွှေတစ်ကျပ်သား ကျပ် ၂သိန်း၀န်းကျင် ထပ်မံတက်ပြီး ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေလဲနှုန်းဈေးတွေလည်း အမြင့်ဈေးမှာပဲ ဆက်ရှိနေတယ်လို့ ရွှေ၊ငွေဈေးကွက်အတွင်းက စုံစမ်း သိရပါတယ်။
ဒီကနေ့(နို၀င်ဘာ ၄ ရက်) ကမ္ဘာ့ရွှေဈေးမြင့်တက်မှုတွင် ၁ဒေါ်လာငွေလဲနှုန်းနဲ့ပါ သက်ဆိုင်တဲ့ မြန်မာ့ ရွှေဈေးက တစ်ကျပ်သား ကျပ် ၁၀၄သိန်း ၀န်းကျင်ရှိလာတာလို့ ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူတချို့က ဆိုပါတယ်။
” ကမ္ဘာ့ရွှေ ပြန်တက်လာတာက အမေရိကန်ရွေး ကောက်ပွဲရလဒ်နဲ့ဆက်စပ်တယ်။ ကမ္ဘာ့ရွှေရော ဒေါ်လာဈေးပါ တက်နေတဲ့အတွက် ပြည်တွင်းရွှေက အတက်ဘက်ပဲ ရှိနေဦးမယ်”လို့ ရွှေဈေးကွက်စောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
မြေပြင်ရွှေဈေးကွက်အရ ဒီကနေ့ ညနေပိုင်းအထိ ကမ္ဘာ့ရွှေ တစ်အောင်စက ၄၀၄၈ ဒေါ်လာရှိပြီး ပြည်တွင်းရွှေ ၁၆ ပဲရည် တစ်ကျပ်သားဈေးမှာ ၁၀,၄၂၀,၀၀၀ ကျပ်နဲ့ ၁၅ ပဲရည်တစ်ကျပ်သား ကျပ် ၉၈ သိန်း၀န်းကျင် ရှိနေပါတယ်။
နိုင်ငံခြားငွေလဲနှုန်းတွေမှာလည်း ကျပ်တစ်သိန်းကို ထိုင်းဘတ် ၆၇၀ ၀န်းကျင်သာရတော့တဲ့အထိ ကျပ်ငွေတန်းဖိုးထပ်ကျနေတယ်လို့ ငွေလဲလှယ်နေသူတချို့က အသိပေးပါတယ်။
“မနေ့က ထပ် ၁၀ ဘတ်၀န်းကျင်လောက်ထပ်ကျနေတယ်။လောလောဆယ် ကျပ်က နေ ဘတ်ကို မလဲဘဲ ဆက်စောင့်ကြည့်နေရတာပေါ့။အဆိုးဆုံးမရောက်ဖို့ မျှော်လင့်တာပဲ။အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ပစ္စည်းသွင်းတာရပ်ရင်ရပ်မရပ်ရင် ကုန်ဈေးထပ်တက်ရမယ့် အခြေအနေ”လို့ ထိုင်းကနေ အစားအသောက်ကုန်စည်တချို့သွင်းနေတဲ့ အသေးစားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
နိုင်ငံခြားငွေလဲနှုန်းတွေတက်တာဟာ ကျပ်ငွေ တန်ဖိုးကျဆင်းမှုဖြစ်ပြီး ပြည်ပမှတင်သွင်းသုံးစွဲနေရတဲ့ ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ၊ လျှပ်စစ်ပစ္စည်းနဲ့ ကုန်ကြမ်းပစ္စည်းတွေ ဈေးပိုမြင့်တက်လာမှာဖြစ်ပါတယ်။
အဲဒီကတဆင့် ပြည်တွင်းထုတ်ကုန်တွေနဲ့ အစားအသောက်တွေပါ ကုန်ဈေးနှုန်း လိုက်လံမြင့်တက်လာပြီး ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတော့တာတွေက လက်ရှိ ပြည်သူတွေရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။
ဘက်ဂျက်လိုငွေအတွက် စစ်တပ်လွှတ်တော်ကတဆင့် ဗဟိုဘဏ်ဆီကချေးယူခွင့်ပြုခဲ့တဲ့ အောက်တိုဘာ ဒုတိယပတ်ကစပြီး နိုင်ငံခြားငွေလဲနှုန်းတွေစတင်မြင့်တက်လာခဲ့တာအပြင် ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေအဖွဲ့ (FATF)ရဲ့ မြန်မာအပေါ် ကန့်သတ်မှုတွေ ဆက်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းမှုတွေ ဆက်တိုက်ဖြစ်လာပါတယ်။




















































