နိုဝင်ဘာ ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်နေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဌာနချုပ်က သတင်းထုတ်ပြန်ပါတယ်။
KNLA တပ်မဟာ(၅) နယ်မြေ မူတြော်ခရိုင်၊ လူသောမြို့နယ် ပေးကေးဒဲဒေသ ဒေပူနို၊ ဖေါစေးပူ၊ ကလိုးဘောထာ၊ လယ်နာဒဲ ကျေးရွာတွေကို စစ်တပ်က နိုဝင်ဘာ ၃ရက် မွန်းလွဲပိုင်းမှာ တိုက်လေယာဉ် ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၅ကြိမ်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်က ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေကြဲချတိုက်ခိုက်ခဲ့သလို ထောက်ပို့လေယာဥ် Y12နဲ့လည်း ဗုံးသီး အလုံးပေါင်းများစွာကြဲချခဲ့ရာ ဒေသတွင်းရှိ စာသင်ကျောင်း၊ ကျမ်းစာသင်ကျောင်းများ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း အသိပေးပါတယ်။ ထိခိုက်မှု အသေးစိတ်အခြေအနေတွေကို ဆက်လက် ဖော်ပြမယ်လို့ KNLA ဗဟိုစစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

Public Service Announcement
စစ်တပ်ဟာ နိုဝင်ဘာ ၁ရက်ကလည်း တိုက်လေယာဉ်နဲ့ ဖာပွန်ခရိုင် ဘူးသိုမြို့နယ် မဲကလော်ကျေးရွာအုပ်စု အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူနေအိမ် ၂လုံးနဲ့ စျေးဆိုင် ၁ဆိုင်ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။
Karen United Media ရဲ့ ဖော်ပြချက်အရ နိုဝင်ဘာ ၃ရက် ဒေးပူနိုရွာ လေကြောင်း တိုက်ခိုက်ခံရမှုမှာ ကျေးရွာအနီး စာသင်ကျောင်းဆောင်ထိမှန်ခဲ့ပြီး ကျောင်းသူ ၃ဦး သေဆုံးကာ ၉ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေကို ဆေးကုသမှု ပေးဖို့ ထိုင်းနိုင်ငံဘက် သို့ ပို့ဆောင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်တပ်ဟာ အောက်တိုဘာ ၃၁ရက် ညပိုင်းကလည်း တပ်မဟာ(၅)နယ်မြေ ထိုင်းနယ်စပ်ရှိ သော်လဲထာ ဒေသကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ပြည်သူတွေ သေဆုံးထိခိုက်မှုတွေ ရှိခဲ့ပေမဲ့ စစ်တပ် ဝါဒဖြန့်သူတွေက KNU တပ်မှူးအချို့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ သတင်းမှားတွေ ဖြန့်ဝေလျက်ရှိပါတယ်။ အဲဒီလိုသတင်းမှားဖြန့်ဝေရာမှာ နာရေးသတင်းဓာတ်ပုံအဟောင်းအချို့ အသုံးပြုခဲ့သလို KNUနဲ့ PDF အကြား သွေးခွဲတဲ့ အကြောင်းအရာ တွေ ရေးသားဖော်ပြထားတာလည်းတွေ့ရပါတယ်။
KNU တပ်မဟာ(၅) တာဝန်ရှိသူတွေနဲ့ နီးစပ်မှုရှိတဲ့ သတင်းရင်းမြစ်တဦးကတော့ စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ကျောင်းသူတွေအပါအဝင် အရပ်သားပြည်သူတွေ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ပြောပါတယ်။
” ဒီရက်ပိုင်း လေကြောင်း တိုက်ခိုက်မှုတွေမှာ အထိအခိုက်ရတာကတော့ ပြည်သူတွေပါပဲ။ KNU တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက် လုံးဝမရှိခဲ့ပါဘူး။ စစ်ကောင်စီထောက်ခံသူတွေ ဝါဒဖြန့်ထားသလို KNLA ခေါင်းဆောင်ပိုင်းတွေ ထိခိုက် သေဆုံးခဲ့တယ်ဆိုတာ သတင်းအမှားပါ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ သော်လဲထာဒေသကို လေကြောင်း ကင်းထောက်ပျံဝဲတာတွေ ဆက်လုပ်နေတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။ နိုဝင်ဘာ ၅ရက်မနက် အစောပိုင်းမှာ KNU ဘက်ခြမ်း သော်လက်ထာ ကမ်းနားဘက်ကို စစ်တပ်က Y12 လေယာဥ် ပျံဝဲမှုပြုလုပ်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောကြားပါတယ်။





















































