နို၀င်ဘာ -၈၊၂၀၂၆။မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က စာသင်ကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒီကနေ့(နို၀င်ဘာ ၈ ရက်) မနက် ၄နာရီမှာ တန့်ဆည်မြို့အနောက်ခြမ်းက ရွှေကြာတန်းကျေးရွာ စာသင် ကျောင်းကို ဂျက်ဖိုက်တာ ၂စီး နဲ့ ပေါင် ၃၀၀လို့ ယူဆရတဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုမှာ စာသင်ကျောင်းဆောင်အားလုံးပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုမရသေးပါဘူး။

Public Service Announcement
မနေ့ကလည်း ကနီမြို့နယ်၊ ညောင်ပင်လယ်ရွာစာသင်ကျောင်းနဲ့ ပတ်ဝန်းကျင်ကို ဂျိုင်ရိုကော်ပတာ ၃စီးနဲ့ စစ်တပ်က ဗုံးကြဲတာကြောင့် ကျောင်းဆရာမနဲ့ ကလေးငယ်တွေ အပါအ၀င် ၁၁ဦးသေဆုံးပြီး ကျောင်းနဲ့ အိမ်ငါးလုံးလည်း မီးလောင်သွားတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲနေတဲ့အတွက် နိုင်ငံတကာအနေနဲ့ အမြန်အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုထားပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်း လျှော်ဖြူကုန်းရွာက ပြည်သူ့ဆေးရုံကိုလည်း စစ်တပ်က နိုဝင်ဘာ ၄ ရက် ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်လို့ CDM ဆရာဝန် ၁ဦး ၊ဆေးကျောင်းတက်ဖို့ပြင်ဆင်နေတဲ့ကျောင်းသား ၁ဦး သေဆုံးပြီး ကျန်းမာရေးဝန်ထမ်း ၅ဦး ဒဏ်ရာရခဲ့ပါတယ် ။
တန့်ဆည်မြို့နယ်မှာ အခုနှစ်အတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦး သေဆုံးခဲ့ရပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျေးရွာတွေ၊နေအိမ်တွေကို စစ်တပ်က ဦးတည် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆက်တိုက်ပြုလုပ်လာတာကြောင့် ဗုံးခိုကျင်းတွေ တူးထားဖို့နဲ့ လေကြောင်း သတိပေးချက်တွေကို ဂရုစိုက်ဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။




















































