နိုဝင်ဘာ-၈၊၂၀၂၆။ထားမြတ်၊ကတ်သရင်း/People’s Spring
စစ်ကိုင်းတိုင်း ထီးချိုင့်နဲ့ အင်းတော်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်မှုများပြားခဲ့ပြီး လက်နက်နဲ့ သုံ့ပန်းအချို့ရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY PDF)အထူးလှုပ်ရှားတပ်မက ထုတ်ပြန်ပါတယ်။
မန္တလေး PDF က တပ်တွင်းပြန်လည်စုဖွဲ့လေ့ကျင့်လုပ်ငန်းစဥ်များ ပြုလုပ်ပြီးနောက် မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များနဲ့ လက်တွဲပြီး တိုက်ပွဲဖော်ဆောင်လျက်ရှိရာ အောက်တိုဘာအတွင်း ထီးချိုင့်မြို့နယ် တုံလုံကျေးရွာက စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့သလို အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကိုလည်း မဟာမိတ်တွေနဲ့ ပူးပေါင်း ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
အောက်တိုဘာ ၄ရက်က တုံလုံကျေးရွာ စစ်တပ်စခန်း ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်တပ်က တပ်ကြပ်ကြီး အပါအဝင် ၉ဦး သေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။ အဲဒီ စစ်ဆင်ရေးမှာ တော်လှန်ရေးရဲဘော် ၂ဦး ကျဆုံးကာ ဒဏ်ရာရသူအချို့ရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement
တိုက်ခိုက်မှုကို မန္တလေး PDF အမှတ်(၆၆၂)နည်းဗျူဟာနဲ့ ကသာခရိုင်တပ်ရင်း(၃)တို့ပူးပေါင်း ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် အင်းတော်မြို့နယ်ကို အင်အား ၅၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ အောက်တိုဘာ ၈ ရက်ကနေ အောက်တိုဘာ ၁၇ရက်အတွင်း တိုက်ခိုက်ခဲ့ရာ စစ်တပ်က သေဆုံးမှုများခဲ့တယ်လို့ အသိပေးပါတယ်။
တပ်မ(၃၃)လက်အောက်ခံ ရန်သူ့စစ်ကြောင်းကြီးအား မန္တလေး PDF အမှတ်(၉၉) နည်းဗျူဟာနဲ့ မဟာမိတ်တပ်ပေါင်းစုများမှ ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်တပ်ရဲ့ အဓမ္မစုဆောင်းခံရတဲ့ ပြည်သူ့စစ်ရဲဘော်တွေအပါ ၇၀ ကျော် သေဆုံးကာ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
စစ်သုံံ့ပန်း ၃ဦး ဖမ်းမိခဲ့သလို RPG (၁)လက် အပါအဝင် လက်နက်ငယ်အများအပြားနဲ့ ဆက်စပ်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြပါတယ်။
အင်းတော်မြို့နယ် တိုက်ပွဲများအတွင်း အထိနာခဲ့သော စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု (၅၂)ကြိမ် ၊ လက်နက်ကြီးပစ်ခတ်မှု (၅၈)ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု (၆၉)ကြိမ်အထိ အသုံးပြုတိုက်ခိုက်ခဲ့ရာ မန္တလေး PDF က ရဲဘော် ၆ဦး ကျဆုံးကာ ဒဏ်ရာရသူအချို့ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
ဒ့ါအပြင် အောက်တိုဘာ ၂၃ရက်နဲ့ ၂၄ရက်တွေအတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (အထူးလှုပ်ရှားတပ်မ)ရဲ့ အမှတ်(၆၆၂)နည်းဗျူဟာ၊ မန္တလေးတိုင်းစစ်ဌာန၏ အမှတ်(၃)အထူးတပ်ရင်း၊ အမှတ်(၉၇၁၀)တပ်ဖွဲ့တို့ ပူးပေါင်းပြီး ၍ မန္တလေးတိုင်း ၊ တကောင်းမြို့နယ်ရှိ နီကယ်တောင် ရန်သူ့တပ်စခန်း ၊ (၆)မိုင်ဂိတ် ရန်သူ့တပ်စခန်းများအား ဝင်ရောက်တိုက်ခိုက်ကာ နယ်မြေရှင်းလင်းမှုများလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။အဲဒီစစ်ဆင်ရေးအတွင်း ထိခိုက်ကျဆုံး အခြေအနေ အသေးစိတ်တော့ ဖော်ပြမထားပါဘူး။
ဒီကနေ့ ထုတ်ပြန်ချက်ဟာ အောက်တိုဘာလအတွင်း စစ်ဆင်ရေးအနှစ်ချုပ် အချက်အလက်များဖြစ်ပြီး နောက်ဆက်တွဲ စစ်ဆင်ရေးမှတ်တမ်းများကိုလည်း ပြည်သူတွေထံ အသိပေးသွားမယ်လို့ လည်းဖော်ပြထားခဲ့ပါတယ်။




















































