Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီဂျစ်မှာ ရထားနှစ်စီးတိုက်ပြီး ၇ ဦးသေ၊ ရာနဲ့ချီ ဒဏ်ရာရ

အီဂျစ်နိုင်ငံ တောင်ပိုင်းမှာ ရထားနှစ်စီး တိုက်မိခဲ့ရာက လူ ၇ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရသွားခဲ့ပါတယ်။

အီဂျစ်နိုင်ငံ တောင်ပိုင်းမှာ ရထားနှစ်စီး တိုက်မိခဲ့ရာက လူ ၇ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရသွားခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့တုန်းက ဂီဇာကနေ ဖေယွမ်ကို ဦးတည်ခုတ်မောင်းနေတဲ့ ရထားဟာ ကိုင်ရိုကနေ အက်စ်ဝမ်ဆီ မောင်းနှင်နေခဲ့တဲ့ ရထားကို နောက်ကနေ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေးဌာန တာဝန်ရှိသူတွေက လူပေါင်း ၁၁၂ ဦးဟာ ဂီဇာတဝိုက်က ဆေးရုံတွေမှာ တက်ရောက်ကုသမှု ခံယူခဲ့ရကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အပေါ်ယံ ပွန်းပဲ့သူတွေကစလို့ အရိုးကျိုးသူတွေ၊ ဦးခေါင်း၊ ရင်ဘတ် ဒဏ်ရာရသူတွေထိ ပါဝင်ကြောင်း သိရပါတယ်။ လူနာ ၄၅ ဦးဟာ ဆေးရုံပြန်ဆင်းခွင့် ရခဲ့ပြီး ဖြစ်ပါတယ်။

အီဂျစ် သမ္မတ အက်ဘ်ဒဲလ် ဖာတား အယ်လ်စီစီက အခု ရထားမတော်တဆမှုနဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်ကြောင်း ပြောကြားခဲ့သလို အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့လည်း အာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်။ ပြီးတော့ ဖြစ်ရပ်မှာ တစ်ယောက်ယောက်ရဲ့ ပေါ့ဆမှု၊ တာဝန်ပျက်ကွက်မှု ပါဝင်ပတ်သက်ကြောင်း တွေ့ရှိတာနဲ့ တိတိကျကျ အရေးယူဖို့လည်း သမ္မတက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အက်စ်ဝမ်ဆီကို ဦးတည်နေတဲ့ ရထားက သံလမ်းပေါ်မှာ ရပ်နေတဲ့အချိန် ဖေယွမ်ကို ဦးတည်တဲ့ ရထားက ဝင်တိုက်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ ရထားချင်း တိုက်မိမှုကြောင့် ရထားတွဲ ၆ ခုလောက် တိမ်းမှောက်ကုန်ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ ဘေးစောင်းလဲနေတဲ့ ရထားတွဲတွေရဲ့ အောက်ဖက် မြေသားကို တူးထုတ်ပြီး ပိတ်မိနေတဲ့ ခရီးသည်တွေကို ကယ်ဆယ်ခဲ့ရပါတယ်။ ရထားတွဲတွေထဲမှာ ခရီးသည်တွေ အချင်းချင်း ထပ်လျက်သား အလဲလဲ အပြိုပြိုတွေ ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ ကရိန်းကားတွေနဲ့ ယန္တရားကြီးတွေ ရောက်လာတဲ့အခါ ရထားတွဲတွေကို ပြန်တည့်မတ်စေပြီး ကယ်ဆယ်ရေးတွေ ဆက်လုပ်ကြပါတယ်။

အဲဒီ ဧရိယာ တဝိုက်မှာ လုံလောက်တဲ့ လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ မရှိတာကလည်း ကယ်ဆယ်ရေးမှာ နှောင့်နှေးမှုတွေ ဖြစ်ပေါ်စေခဲ့ကြောင်း ဒေသခံ မျက်မြင်တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

စုစုပေါင်း ၇ ဦး သေဆုံးခဲ့တဲ့ ရထားမတော်တဆမှုဟာ ဂီဇာရဲ့ အယ်လ်အေယတ် ဧရိယာမှာ ဖြစ်ပွားခဲ့ပြီး အကြောင်းရင်းကိုတော့ အာဏာပိုင်တွေက ဆက်လက် စုံစမ်းနေဆဲပါ။ အယ်လ်အေယတ်ဟာ အီဂျစ်သမိုင်းမှာ အဆိုးဆုံး၊ အသေအပျောက် အများဆုံး ရထားမတော်တဆမှုကြီး ကြုံတွေ့ခဲ့ဖူးတဲ့ နေရာလည်း ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်တုန်းက အယ်လ်အေယတ်မှာ နွေရာသီ အပန်းဖြေ ခရီးသွားတွေကို သယ်ဆောင်လာတဲ့ ရထားတစ်စီးပေါ် အကြီးအကျယ် မီးလောင်မှု ဖြစ်ခဲ့ရာက လူပေါင်း ၃၇၀ ကျော် သေဆုံးခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာလည်း အဲဒီဧရိယာ တဝိုက်မှာပဲ ရထားတချို့ ဆင့်တိုက်မိလို့ လူတွေ ဒါဇင်နဲ့ချီ အသက်ဆုံးရှုံးခဲ့ဖူးပါသေးတယ်။

လူဦးရေ သန်းပေါင်း ၁၁၀ ကျော် နေထိုင်တဲ့ အီဂျစ်ဟာ ပို့ဆောင်ဆက်သွယ်ရေးအတွက် ရထားတွေကို အကြီးအကျယ် မှီခိုနေရပါတယ်။ အီဂျစ်ဟာ အာဖရိကတိုက်ရဲ့ အကြီးဆုံး ရထားလမ်း ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားပြီး တစ်ဖက်မှာတော့ ဆိုးရွားတဲ့ ရထားမတော်တဆမှုတွေ ကြုံတွေ့နေဆဲပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာတော့ အစိုးရဟာ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေ အဆင့်မြှင့်တင်ဖို့အတွက် ဒေါ်လာ ဘီလီယံတွေနဲ့ချီ ရင်းနှီး မြှုပ်နှံပြီး အဝေးပြေးလမ်းတွေ၊ မြန်နှုန်းမြင့် ရထားလမ်းတွေကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံအနှံ့မှာတော့ သက်တမ်း အိုဟောင်းနေတဲ့ ရထားလမ်းတွေကို အားကိုးနေရဆဲ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယား နိုင်ငံကို ကူညီ ကာကွယ်ဖို့ တပ်တွေ စေလွှတ်ပေးရေးအတွက် အီဂျစ် လွှတ်တော်က သမ္မတကို ခွင့်ပြုပေးလိုက်ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ အီဂျစ် လေတပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ Eagles of Civilization 2026 စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေ ပြီးဆုံးခဲ့ကြောင်း နှစ်နိုင်ငံ စစ်ဘက်က အသီးသီး ကြေညာခဲ့ပါတယ်။

သတင်း

တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အီဂျစ် ခရီးစဉ်မှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဆက်ဆံရေးကဏ္ဍ မြှင့်တင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း အီဂျစ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။