Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ကာကွယ်ရေး ဝန်ကြီးကို စွပ်စွဲပြစ်တင်ဖို့ အခုသီတင်းပတ်ထဲမှာ အောက်လွှတ်တော် မဲခွဲဖွယ်ရှိနေ

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ အခုသီတင်းပတ်ထဲမှာ စွပ်စွဲပြစ်တင်ခံရဖို့ လွှတ်တော် မဲခွဲမှု တစ်ခုကို ကြုံတွေ့လာဖွယ် ရှိနေပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ အခုသီတင်းပတ်ထဲမှာ စွပ်စွဲပြစ်တင်ခံရဖို့ လွှတ်တော် မဲခွဲမှု တစ်ခုကို ကြုံတွေ့လာဖွယ် ရှိနေပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနဆိုတဲ့ နာမည်ဟာ အားပျော့လွန်းတယ်လို့ ဝေဖန်ပြီး စစ်ဝန်ကြီးဌာနဆိုတဲ့ နာမည်ဟောင်းကို ပြန်လည် သုံးနှုန်းစေခဲ့သလို သူ့ကိုယ်သူ စစ်ဝန်ကြီးလို့ ရည်ညွှန်းလေ့ရှိတဲ့ ဟက်ဂ်ဆက်သ်ဟာ အရင်က တကယ့် စစ်ဝန်ကြီး တစ်ဦး ကြုံတွေ့ဖူးတဲ့ တူညီတဲ့ အခြေအနေကို ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

၁၈၇၆ ခုနှစ်တုန်းက စစ်ဝန်ကြီး ဝီလီယမ် ဘဲ့လ်ကနပ်ဟာ လက်ရှိ အချိန်ထိ အမေရိကန် သမိုင်းမှာ လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို ကြုံရတဲ့ တစ်ဦးတည်းသော အမေရိကန် စစ်တပ်ရဲ့ အရပ်ဖက် ခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်နေပါတယ်။

နိုဝင်ဘာ ၃ ရက်၊ သက်တမ်းဝက် ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ အောင်ပွဲခံခဲ့တဲ့နောက် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရ အဖွဲ့ထဲက အရာရှိတချို့နဲ့ ရီပတ်ဘလစ်ကန် အမတ်တွေဟာ စွပ်စွဲပြစ်တင်မှု အခြေအနေတွေ ရင်ဆိုင်လာရနိုင်ကြောင်း ထင်ကြေးတွေ ထွက်ပေါ်နေခဲ့ပြီးသားပါ။ ဒါပေမဲ့ ဟက်ဂ်ဆက်သ်ကို စွပ်စွဲပြစ်တင်မယ့် အဆိုကို ဦးဆောင်တင်သွင်းသူကတော့ သူနဲ့ ပါတီတူ ရီပတ်ဘလစ်ကန် အောက်လွှတ်တော် အမတ်တစ်ဦး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကင်တက်ကီပြည်နယ် ကိုယ်စားပြု ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် သောမတ် မက်ဆီးဟာ အီရန်စစ်ပွဲကို လွှတ်တော် ထောက်ခံချက် မပါဘဲ ဆင်နွှဲခဲ့တဲ့ အမေရိကန် အစိုးရ ဆုံးဖြတ်ချက်ကို အစဉ်တစိုက် ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။ နိုဝင်ဘာ ၉ ရက်မှာတော့ မက်ဆီးက အချက် ၈ ချက်ကို အခြေပြုပြီး ဟက်ဂ်ဆက်သ်ကို စွပ်စွဲပြစ်တင်ရေးအတွက် အောက်လွှတ်တော်မှာ အဆိုပြုချက်တစ်ခု တင်သွင်းခဲ့ပါတယ်။ အဲဒီ အဆိုပြုချက်ကို အောက်လွှတ်တော်မှာ အခု သီတင်းပတ်ထဲ မဲခွဲ ဆုံးဖြတ်ကြဖွယ် ရှိနေပါတယ်။

အဲဒီအချက်တွေထဲမှာတော့ လွှတ်တော် ခွင့်ပြုချက် မပါဘဲ စစ်ပွဲကို ဆင်နွှဲခဲ့တာ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေကို လျစ်လျူရှုခဲ့တာ၊ တရားလက်လွတ် သတ်ဖြတ်တာ၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို နှိပ်ကွပ်တာတွေအပြင် နှစ်ဆန်းပိုင်းတုန်းက ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးမှာပါ နိုင်ငံခေါင်းဆောင် တစ်ဦးကို လွှတ်တော် ခွင့်ပြုချက် မပါဘဲ ပြန်ပေးဆွဲခဲ့တာ ဆိုတာတွေ ပါဝင်နေပါတယ်။ အဓိက အားဖြင့်တော့ စွပ်စွဲချက်တွေဟာ ဟက်ဂ်ဆက်သ်ဟာ လွှတ်တော်ဆီက ခွင့်ပြုချက်တွေ မယူဘဲ သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီးအာဏာကို အလွဲသုံးစား ပြုခဲ့တယ်ဆိုတဲ့ သဘောတရားမျိုးကို အခြေပြုထားပါတယ်။

အောက်လွှတ်တော်ရဲ့ ပြိုင်ဘက် ဒီမိုကရက်တစ် ပါတီခေါင်းဆောင် ဟာကင်းမ် ဂျက်ဖရီစ်ကလည်း မက်ဆီးရဲ့ အဆိုပြုချက်ကို အပြည့်အဝ ထောက်ခံမဲ ပေးမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။ မက်ဆီးက အဲဒီလို အဆိုတင်သွင်းတာဟာ ဇန်နဝါရီလကစပြီး လွှတ်တော်နှစ်ရပ်ကို ဒီမိုကရက်တစ် ပါတီက မထိန်းချုပ်ခင်မှာ ဟက်ဂ်ဆက်သ်ရဲ့ နေရာကို သမ္မတ ထရမ့်က အပြောင်းအလဲ လုပ်လာအောင် ဖိအားပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စွပ်စွဲပြစ်တင်ခြင်း ဆိုတာဟာ နိုင်ငံတော် သမ္မတ၊ ဒါမှမဟုတ် အဆင့်မြင့် အရာရှိကြီးတွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်တာ၊ နိုင်ငံတော်ကို သစ္စာဖောက်တာစတဲ့ ကြီးလေးတဲ့ ပြစ်မှုတွေ ကျူးလွန်ရင် ရာထူးက ဖယ်ရှားနိုင်ဖို့ လွှတ်တော်က တရားဝင် မဲခွဲဆုံးဖြတ်တာ ဖြစ်ပါတယ်။

ဇန်နဝါရီလ မတိုင်ခင် လက်ရှိမှာ ရီပတ်ဘလစ်ကန် ပါတီက အောက်လွှတ်တော်ကို ဆက်ပြီး ထိန်းချုပ်ထားဆဲ ဖြစ်နေတဲ့တိုင် အခု အဆိုပြုချက်ကို မဲခွဲရင် အောင်မြင်သွားဖွယ် ရှိနေကြောင်း လေ့လာသူတွေက ပြောပါတယ်။ ဒါပေမဲ့ အောက်လွှတ်တော် မဲခွဲမှု အောင်မြင်သွားရင်တောင်မှ အထက်လွှတ်တော်မှာတော့ အဲဒီကိစ္စက လက်တွေ့ အထမြောက်လာဖို့ အလားအလာ နည်းပါတယ်။ စွပ်စွဲပြစ်တင်မှုဆိုင်ရာ မဲခွဲမှုတစ်ခု အောင်မြင်ဖို့အတွက် အမတ်နေရာ စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံဆီက ထောက်ခံချက်ကို လိုအပ်ပါတယ်။

မက်ဆီးက ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေဟာ တိုက်ရိုက် မဲပေးရတဲ့ အခြေအနေကို ရှောင်ရှားနိုင်ဖို့ အစွမ်းကုန် ကြိုးစားလာနိုင်ကြောင်းလည်း မှတ်ချက်ပေးခဲ့ပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့တုန်းက ထရမ့်ကတော့ Reuters သတင်းဌာနနဲ့ အင်တာဗျူးမှာ ဟက်ဂ်ဆက်သ်အပေါ် ကာကွယ်သွားခဲ့ပြီး အီရန်နဲ့ ဗင်နီဇွဲလားက စစ်ဆင်ရေးတွေမှာ အမေရိကန် အသာစီး ရရှိအောင် သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီးက စွမ်းဆောင်ပြခဲ့ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဟက်ဂ်ဆက်သ်က စစ်ပွဲနှစ်ခုကို အောင်မြင်ခဲ့ကြောင်း၊ ဒီလိုလူမျိုးကို ဘယ်လိုကြောင့်များ စွပ်စွဲပြစ်တင်ရမလဲဆိုတာ သူတော့ နားမလည်ကြောင်း ထရမ့်က ဆိုပါတယ်။

အမေရိကန် လွှတ်တော် ဥက္ကဋ္ဌ မိုက်ခ်ဂျွန်ဆန်ကလည်း နိုင်ငံရပ်ခြား ရန်လို ခြိမ်းခြောက်မှုတွေ ရှိနေချိန် လွှတ်တော်က ကာကွယ်ရေး ဝန်ကြီးကို စွပ်စွဲပြစ်တင်တယ် ဆိုတာဟာ ရန်သူတွေ အမြင်မှာရော၊ မဟာမိတ်တွေ အမြင်မှာပါ အတော်လေး ဆိုးတဲ့ ကိစ္စမျိုးလို့ ဝေဖန်ပြီး မဲခွဲဆုံးဖြတ်မယ့် ကိစ္စကို ဆန့်ကျင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဟက်ဂ်ဆက်သ်က လူမှုကွန်ရက်ပေါ် ဗီဒီယိုတစ်ခု တင်ထားခဲ့ရာမှာ သူဟာ ဘာတွေပဲ ကြုံလာလာ နောက်ဆုတ်မှာ မဟုတ်ကြောင်း ပြောကြားထားခဲ့ပါတယ်။ စွပ်စွဲပြစ်တင်မှုအတွက် မဲခွဲတဲ့ လုပ်ရပ်မျိုးဟာ သမ္မတ ထရမ့်ကို ပစ်မှတ်ထားချိန်မှာ အလုပ်မဖြစ်ခဲ့သလို သူ့ကို ထိုးနှက်ရာမှာလည်း အောင်မြင်မှာ မဟုတ်ကြောင်း ဟက်ဂ်ဆက်သ်က ဆိုပါတယ်။

သတင်းထောက်တွေက တကယ်လို့သာ စွပ်စွဲပြစ်တင်မှု ကြုံလာရင် ဒါကို ကျော်လွှားဖို့ သူ့ဆီမှာ ရီပတ်ဘလစ်ကန် ပါတီရဲ့ ထောက်ခံမှု အလုံအလောက် ရှိသလားလို့ မေးမြန်းတဲ့အခါ ဟက်ဂ်ဆက်သ်က ဒီအကြောင်းကို သူလုံးဝ မစိုးရိမ်ဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ အမှန်တကယ် အဆုံးသတ်သွားပြီးပြီလို့တောင် ယူဆနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ရွှေ့ပြောင်း အခြေချသူတွေကို အတင်းအကျပ် ဖမ်းဆီး နယ်နှင်ခဲ့တဲ့ သူရဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒဟာ အရမ်း ကြမ်းတမ်းနေတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်းဆောင်းပါး

ထရမ့်ရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေကို စုံစမ်းဖို့ ရှေ့တန်းကနေ လှုပ်ရှားခဲ့ကြတဲ့ အမေရိကန် တရားရေးဌာန ထိပ်တန်း အရာရှိကြီး သုံးဦးဟာ ဒီမိုကရက်တွေ လွှတ်တော် ကြီးကြပ်ရေး အာဏာကို ပြန်လည် ရယူလာတဲ့ သက်တမ်းဝက် ရွေးကောက်ပွဲ အပြီး ရက်ပိုင်းအတွင်း တစ်ဦးပြီးတစ်ဦး ရာထူးကနေ ထွက်ခွာသွားကြပါပြီ။

နိုင်ငံတကာ

အမေရိကန်နိုင်ငံမှာ ရဟတ်ယာဉ် ၂ စီး လေထဲတိုက်မိလို့ လူ ၃ ဦး သေဆုံးသွားကြောင်း သိရပါတယ်။