နိုဝင်ဘာ ၁၂၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်းမှာ ရာသီဥတုအပြောင်းအလဲနဲ့ စစ်ကြောင်းဝင်ရောက်မှူတွေကြောင့် နေအိမ်မီးရှို့ခံရသူတွေအတွက် နေအိမ်ဆောက်လုပ်ပေးမှု ခေတ္တရပ်နားထားရကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်သူ ကိုစိုးမိုးအောင်က ပြောပါတယ်။
လက်ရှိမှာ အယ်နီညိုကြောင့် မိုးရွာတာ၊ နေပူတာနဲ့ အအေးဓာတ်ဝင်ရောက်တာ စတဲ့ ရာသီဥတုအခြေအနေ သုံးမျိုးခန့် ဖြစ်ပေါ်နေပြီး နေအိမ်မီးရှို့ခံရသူတွေအတွက် နေအိမ်ဆောက်လုပ်ပေးရာမှာ အခက်အခဲအချို့ ရှိနေကြောင်း၊ ဒါ့အပြင် အာဏာသိမ်း စစ်တပ်ကလည်း စစ်ကြောင်းထိုး ဝင်ရောက်တာတွေရှိနေတာကြောင့် စစ်ရှောင်တွေအတွက် နေအိမ်ဆောက်လုပ်ပေးမှုကို ခေတ္တရပ်နားထားရကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်သူ ကိုစိုးမိုးအောင်က ပြောပါတယ်။
“လက်ရှိရာသီဥတုကြောင့် ကသီလင်တလည်း ဖြစ်သလို စစ်ကြောင်းဝင်တဲ့အခါမှာလည်း နားရတာတွေရှိတယ်။ ကျနော်တို့လည်း တော်တော်လေးကို ကျပ်နေတော့ နားနေရတာပေါ့။ အိမ်တွေကို ဆောက်စရာ သုံးလေးဆယ်လောက်ရှိတယ်။ မဆောက်ရသေးဘူး”လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။

Public Service Announcement
S&C အဖွဲ့ဟာ နေအိမ်မီးရှို့ခံရသူတွေအတွက် နေအိမ်ပြန်လည်တည်ဆောက်ပေးတဲ့အစီအစဥ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ဆန်းကစတင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နေအိမ်တွေမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် နေအိမ်လေးတွေ ပြန်ဆောက်ပေးတာဖြစ်ပါတယ်။ ကုန်ကျစရိတ်ကိုတော့ ပြည်တွင်းပြည်ပက အလှူရှင်တွေက လှူဒါန်းကြတာပါ။ ယခု ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်အထိ နေအိမ် ၁၇၁၃ လုံး ဆောက်လုပ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ စစ်အာဏာသိမ်း ငါးနှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ်ပေါင်း ၁၂၅,၃၂၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။





















































