နို၀င်ဘာ-၁၃၊၂၀၂၆။ဇော်၀င်း/People’s Spring
ကျပ်ငွေတန်ဖိုးထပ်မံကျဆင်းနေပြီး ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေလဲနှုန်းဈေးတွေ ဆက်တိုက်မြင့်တက်နေတယ်လို့ ငွေလဲလုပ်ကိုင်နေသူတွေက ပြောပါတယ်။
(၂)နှစ်အတွင်း တစ်ဒေါ်လာငွေလဲနှုန်းက ကျပ် ၄,၉၀၀ ကျော်နဲ့ အမြင့်ဆုံး ပြန်ဖြစ်လာပြီး ပြည်တွင်းဘက်ဂျက်လိုငွေကြောင့် ငွေစက္ကူ ရိုက်ထုတ်မယ့်အခြေအနေကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့ နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေးအဖွဲ့(FATF) ဆုံး ဖြတ်ချက်အပါအ၀င် အမေရိကန်ဗဟိုဘဏ်ရဲ့ ဘဏ်တိုးနှုန်း မြင့်တင်မှုကြောင့် ဒေါ်လာတန်ဖိုးဆက်တိုက်မြင့်တက်နေတာလို့ ဆိုပါတယ်။
“၂၀၂၄ စက်တင်ဘာ နောက်ပိုင်း အမြင့်ဆုံးဈေးပဲ။စစ်တပ်က ဖမ်းတယ်ဆီးတယ်ဆိုတာကလည်း ဟိုအရင်နှစ်တွေကတည်းက ဖြစ်နေတာလေ။ နိုင်ငံခြားငွေကို စစ်တပ်ထိန်းချုပ်နေသ၍တော့ ဘာမှထူးလာမှာမဟုတ်ဘူး”လို့ ငွေလဲလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒီကနေ့(နို၀င်ဘာ ၁၃ ရက်) မြေပြင် ငွေလဲနှုန်းဈေးကွက်အရ တစ်ဒေါ်လာ ၀ယ်ယူရတဲ့ဈေးက ကျပ် ၄,၉၁၀ နဲ့ ရောင်းမယ်ဆိုရင် ကျပ် ၄,၈၀၀ ၀န်းကျင်ရှိနေပါတယ်။
“နောက်လေးလ အတွင်းဖြစ်လာမယ့် FATF ရဲ့ မြန်မာအပေါ်ဆုံး ဖြတ်ချက်က ပိုဆိုးမယ်လို့ ယူဆရတယ်။ကျားဖြန့်နဲ့ ငွေမည်းကိစ္စက ဘယ်လိုမှ ဖြေရှင်းနိုင်လိမ့်မယ်မထင်ဘူး။အထူးသဖြင့် ငွေမည်းကိစ္စ တွေက ပိုဆိုးတယ်။မြေလှန်ပြီးဖော်ထုတ်ရင် စစ်တပ်က ကိုယ့်လည်ပင်းကိုကြိုးကွင်းစွပ်သလို ဖြစ်မှာပဲ။ဒါကြောင့် ဒေါ်လာငွေကို ရသလောက် စုနေကြတယ်”လို့ ကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့ပတ်သက်ပြီး ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ပြည်တွင်းကုန်စည်တွေအတွက် အဓိက မှီခိုနေရတဲ့ ထိုင်း နဲ့ တရုတ် နိုင်ငံရဲ့ငွေလဲဈေးကလည်း ဆက်တိုက်မြင့်တက်နေတယ်လို့ သိရပါတယ်။
“ငွေအမောင့် များရင် ၆၈၄ ဘတ်ရတယ်။ဆယ်ဂဏန်းအောက်လဲရင်တော့ တစ်သိန်းကို ဘတ် ၆၈၀ လောက်ပဲရတော့တယ်”လို့ မြ၀တီမြို့နယ်က ကုန်သည်တစ်ဦးက ပြောပါတယ်။
နိုင်ငံခြားငွေလဲနှုန်းတွေတက်တာက ကျပ်ငွေ တန်ဖိုးကျဆင်းမှု ဖြစ်ပြီး ပြည်ပက တင်သွင်းသုံးစွဲနေရတဲ့ ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ၊လျှပ်စစ်ပစ္စည်းနဲ့ ကုန်ကြမ်းပစ္စည်းတွေ ဈေးပိုမြင့်တက်လာမှာဖြစ်ပါတယ်။
အဲဒီကတဆင့် ပြည်တွင်းထုတ်ကုန်တွေနဲ့ အစားအသောက်တွေပါ ကုန်ဈေးနှုန်း လိုက်လံမြင့်တက်လာပြီး ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတော့တာတွေက လက်ရှိ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။
ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအပြင် ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေလည်း ရပ်ဆိုင်းမှုတွေ ဆက်တိုက်ဖြစ်နေပြီး ဆောက်လုပ်ရေးကုမ္ပဏီတွေ၊ခရီးသွားကုမ္ပဏီတွေ၊ထုတ်ကုန်လုပ်ငန်းတွေ၊အိပ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတွေဟာ ရပ်နားပြီလို့ လတ်တလော သတင်းစာတွေထဲမှာ ပါရှိပါတယ်။
ဒေါ်လာငွေ ထိန်းချုပ်ထားတဲ့ စစ်တပ်ရဲ့ သွင်းကုန်ထုတ်ကုန် ကန့်သတ်ချက်တွေ၊ငွေကြေးဖောင်းပွမှု (ကုန်ဈေးနှုန်းမြင့်တက်မှု)နဲ့ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာတာတွေက အဓိကအခက်အခဲဖြစ်နေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။





















































